Wednesday, October 19, 2022

မိမိကိုယ်ကို ယုံကြည်လာတတ်ကြစေဖို့

ဘုရားရှင်ရဲ့ ရွေးချယ်မှုမှာ ဘယ်သောအခါမှ မှားယွင်းလေ့မရှိပါ။ ဘုရားရှင် အလ္လာဟ်ဟာ မိမိရွေးချယ်စေလွှတ်တဲ့ တမန်တော်တိုင်းကို ဆီလျော်အပ်စပ်တဲ့ ဂုဏ်အရည်အချင်းများ ချီးမြှင့်ပေးသနားတော်မူပါတယ်။ 

သို့အားဖြင့် အဲဒီတမန်တော်ကြီးများဟာ မိမိတို့အပေါ် တာဝန်တင်လာတဲ့ အလုပ်ကိစ္စကို ဆောင်ရွက်တော်မူကြပါတယ်။ အီဗရာဟမစ်ရီလေးဂျင်းခေါ် ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်သာသနာဝင်တွေ လေးစားကြတဲ့ တမန်တော်ကြီးတစ်ပါး ရှိပါတယ်။ သူ့ကို မောရှေ၊ မိုးစက်၊ မူဆာဆိုပြီး မိမိတို့ ဘာသာစကားအလိုက် ခေါ်ဝေါ်ကြပါတယ်။ 

 ဘုရင်ဆိုး ဖာရော (ဖီရ်အောင်န်) လက်ထက်။ ဂျူးလူမျိုး တွေကို ကျွန်ပြုပြီး အဓမ္မစေခိုင်းနေတဲ့အချိန်ကဖြစ်ပါတယ်။ 

ဖာရောရဲ့ ပုရောဟိတ်တွေက ဂျူးလူမျိုးထဲက တစ်ဦးကတော့ဖြင့် ဘုရင်မင်းကြီးကို သတ်လိမ့်မယ်ဆိုပြီး ဟောကိန်းထုတ်ထားတဲ့ကာလ။ မွေးဖွားလာမယ့် ကလေးတွေကို သတ်ပြစ်ရမယ်ဆိုတဲ့ ဖာရောအမိန့်ကြောင့် မိဘများရဲ့စွန့်ပစ်ခံ မိုးစက်ကို ဖာရောရဲ့ ဇနီးက တိတ်တိတ်ပုန်းမွေးစားခဲ့ပါတယ်။ အမိအဖမဲ့ မွေးစားသားကလေးမိုးစက်။ မျက်နှာငယ်ဘဝနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ဂုဏ်မောက်တဲ့ ဘုရင်ဖာရောကြောင့် မိမိရဲ့ ငယ်ဘဝဟာ အကျည်းတန်ပြီး၊ မိရင်းဖရင်းတွေလို နည်းလမ်းတကျ ပြုစုပျိုးထောင်ပေးတာမျိုးမရခဲ့ပါ။ 

သိမ်ငယ်တတ်တဲ့ အငုံ့စိတ်၊ မိမိကိုယ်ကို အပြစ်တင်တတ်တဲ့ low self-esteem စိတ်ဓါတ်အခံတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မိုးစက်။ 

ဘုရားရှင် အလ္လာဟ်က သူ့ကို တမန်တော်အဖြစ်ရွေးချယ်တော်မူခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖာရောကို တရားလမ်းမှန်ပြစေဖို့။ 

သက်ဦးဆံပိုင် မင်းဆိုးမင်းညစ်ဖာရော။ 

မိုးစက်ခမြာ ငယ်ရွယ်စဉ်ကလေးဘဝတုန်းက ဖာရောရဲ့မုတ်ဆိတ်မွေးတမျှင်ကို ဆွဲနုတ်ပစ်လေတော့၊ ဖာရောက ထွန့်ထွန့်လူးပြီး မွေးစားကလေး၊ ငါ့မုတ်ဆိတ်ကို ဆွဲနုတ်တာ နိမိတ်မကောင်းဘူး၊ သတ်ပစ်လေရော့ဆိုပြီး အမိန့်ပေးခဲ့ဖူးပါတယ်။ မွေးစားမိခင်က မိမိသားကလေးအဖြစ်ဆိုးမကြုံရလေအောင် ကြားဝင်ပြီး ကလေးမို့ မသိတတ်လို့ပါ လို့ လျှောက်ပေးတော့ ဒါဆိုရင် မီးကျက်နေအောင် ကင်ထားတဲ့ သံဘောလုံးနဲ့ ဆင်တူပုံစံရှိတဲ့ စားစရာတမျိုးကို ထည့်ပြီး မိုးစက်ကို အပေးခိုင်းပါတယ်။ မိုးစက်ကလည်း မီးပူနေတဲ့ ဘောလုံးကို ပါးစပ်ထဲ ထည့်လေတေ့ာ လျှာမှာ ကျက်ပြီး အပူလောင်ပါတော့တယ်။ အဲဒီအပူဒဏ်ကြောင့် မိုးစက်ခမြာ တစ်ဘဝလုံး စကားပြောရင် ထစ်ငေါ့နေပါတော့တယ်။ (ကုရ်အာန်ကျမ်းတော်လာ တင်ပြချက်မဟုတ်ပါ။ အတ္ထကထာပညာရှင်များ၏ သမိုင်းမှတ်တမ်းသာ ဖြစ်ပါသည်။) 

ဒါပေမယ့် ဘုရားရှင်က မိမိအပေါ် တာဝန်ကြီးတစ်ရပ်ကို ဆောင်ရွက်ဖို့ အမိန့်ပေးစေခိုင်းလိုက်ပြီ။ 

 ‘Go thou to Pharaoh; he has indeed exceeded all bounds.’ ဖာရောထံသွားလော့။ မလွဲဧကန်ပင် ထိုဖာရော (ဖီရ်အောင်န်)မှာ လွန်ကျူးရာတွင် အဆီးအတားမဲ့၍ နေချေပြီ။ (Al Taha, Ayat 25) 

 အစ္စလာမ်သာသနာဝင်တွေအတွက် အလွန်တရာကြီးမားပြီး မွန်မြတ်တင့်တယ်လှတဲ့ အလုပ်တာဝန်၊ ဒါဝတ်အီလလ္လာဟ် ခေါ် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်ခြင်း။ ဒီလုပ်ငန်းတာဝန်ကို ထမ်းဆောင်ပြီး ဘုရင်ဖာရောကို လမ်းညွှန်ဖို့ရာ မိုးစက်အပေါ် တာဝန်တင်လေပြီ။ 

 သိမ်ငယ်စိတ်၊ စကားထစ်တဲ့ အားနည်းချက် စတာတွေရှိနေတဲ့ မိုးစက်ဟာ မိမိအရှင်ရဲ့ အမိန့်ပေးစေခိုင်းမှုကို ထမ်းရွက်ဖို့ရာ အသင့်ဖြစ်ခဲ့ပါတယ်။ 

 သို့သော် ညီအစ်ကိုဖြစ်တဲ့ အာရန် (ဟာရွန်) ကို ဖာရောဆီသွားပြီး ဟောပြောတင်ပြရာမှာ အကူအညီအဖြစ်လိုက်ပါစေဖို့ အလိုရှိတာနဲ့အညီ၊ မိမိရဲ့ ဘုရားရှင် အလ္လာဟ်ထံမှာ ညီအစ်ကို အာရန်ကိုလည်း တမန်တော်အဖြစ် ချီးမြှင့်ပေးဖို့ရာ ပန်ကြားလျှောက်ထားခဲ့ပါတယ်။ 

 ‘And grant me a helper from my family — ‘Aaron, my brother; ‘Increase my strength with him, ‘And make him share my task, (Al Taha, Ayat 30 to 36)

မိုးစက်ဟာ အာရန်အားဖြင့် ကျွန်တော်မျိုး၏ အင်အားကို တိုးမြှင့်ဖြည့်တင်းပေးတော်မူလှည့်ပါ ဆိုပြီး ဆုတောင်းခဲ့ပါတယ်။ 

 အစ်ကိုဖြစ်သူအာရန်ဟာ အာဝဇ္ဇန်းရွှင်ပြီး တင်ပြပြောဆိုရာမှာလည်း လူအများနားလည်လွယ်အောင် ပြောဆိုတတ်တာကြောင့် မိုးစက်တစ်ယောက် အားကိုးခဲ့ပါတယ်။ 

 ဘုရားရှင်အလ္လာဟ်ကလည်း မိုးစက်ရဲ့ ဆုတောင်းမှုကို လက်ခံတော်မူပြီး ညီအစ်ကိုနှစ်ယောက် ဘုရင်ဖာရောထံသွားကြဖို့ ဖြစ်လာပါတော့တယ်။ 

 အနှိမ်ခံ၊ သိမ်ငယ်စွာကြီးပြင်းခဲ့ရတဲ့ မိုးစက်၊ မောက်မာပြီး မိမိကိုယ်ကို ဘုရားတစ်ဆူလို့ ထင်မှတ်နေကာ ယုံကြည်မှုလွန်ကဲနေတဲ့ ဘုရင်ဆိုးဖာရောကို စကားပြောဖို့ အခက်အခဲတွေရှိနေတဲ့မိုးစက်ဟာ ဖာရောရဲ့ ညီလာခံကို ဝင်ရောက်ပြီး ဒါဝါ(အလ္လာဟ်ဘက်သို့ဖိတ်ခေါ်ခြင်း) ပြုလုပ်ဖို့ရန်အတွက် မိမိဘုရားရှင်အလ္လာဟ်ထံတော်မှာ အောက်ပါအတိုင်း ဆုတောင်းခံခဲ့ပါတော့တယ်။ قَالَ رَبِّ اشۡرَحۡ لِیۡ صَدۡرِیۡ ﴿ۙ

Moses said, ‘My Lord, open out for me my breast
‘And ease for me my task,
‘And loose the knot of my tongue,
That they may understand my speech, (Al Taha, Ayat 26 to 29) 

အို.. အရှင်မြတ်။ ကျွန်တော်မျိုး၏ ရင်ဘတ်အားကျယ်ပြောစေတော်မူလှည့်ပါ။ ကျွန်တော်မျိုးထမ်းဆောင်ရမည့် တာဝန်ဝတ္တရားအား ကျွန်တော်မျိုးအတွက် လွယ်ကူစေတော်မူပါ။ ကျွန်တော်မျိုး၏ လျှာမှ အထုံးကို ဖျည်ပေးသနားတော်မူပါ။ သို့အားဖြင့် ယင်းသူတို့သည် ကျွန်တော်မျိုး၏ ပြောစကားကို နားလည်နိုင်ကြပါမည်။ 


မိုးစက်က ညီအစ်ကို အာရန်နဲ့အတူ ဖာရောရဲ့ ညီလာခံကို ဝင်ရောက်ခဲ့ပါတယ်။ 

ဘုရင်ဆိုး ဖာရောကို တရားဟောပြောရာမှာ မိမိအားကိုးတဲ့ အစ်ကိုကြီးအာရန်ကို မိုးစက်က ဦးဆောင်ခဲ့ပြီး၊ ဖာရောရဲ့အရှေ့မှာ ဉာဏ်အမြော်အမြင်နဲ့ ပြည့်ဝလှတဲ့ တရားဓမ္မကို ဟောပြောတင်ပြခဲ့ယုံမက၊ ဖာရောနဲ့ အပေါင်းအပါများရဲ့ ဆန့်ကျင်ဘက်မေးခွန်းများကိုပါ ဆီလျော်အပ်စပ်ပြီး ရှင်းလင်းပြတ်သားတဲ့ ဥပမာများနဲ့ အပြန်အလှန် အချေအတင်ဆွေးနွေးခဲ့ပါတော့တယ်။ 

 ရလဒ်ကတော့ ကမ္ဘာ့သမိုင်းစာမျက်နှာထက်မှာ အံ့ဘနန်းအဖြစ် မှတ်တမ်းတင်ထားခံရတဲ့ Exodus။ ဘိုင်ဘယ်လ်ကျမ်းစာအလိုအရ ဂျူးလူမျိုးပေါင်း ၂ သန်းကို ဦးဆောင်ပြီး မိုးစက်ဟာ ခါနန်မြေကို ထွက်ခွာနိုင်ခဲ့ပါတယ်။ (၂ သန်းဆိုတဲ့ ပမာဏကို သမိုင်းဆရာတွေကို ရှုထောင့်မျိုးစုံကနေ တွက်ချက်ပြထားတာမျိုးရှိပြီး ၂ သောင်းကနေ ၂ သန်းထိဖြစ်နိုင်တဲ့အကြောင်း စကားချပ်ပါးအပ်ပါသည်။) 

အစ္စလာမ်သာသနာမှာတော့ တမန်တော်အပေါင်းရဲ့ ဦးစီးခေါင်းဆောင် တမန်တော်ကြီး မုဟမ္မဒ် (သခင့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာခြင်း သက်ရောက်ပါစေ။) သခင်ကို မူဆာ ( မောရှေ) နှင့်တူသောတမန်တော်ဆိုပြီး ခိုင်းနှိုင်းကာ တမန်တော်ကြီး မူဆာ ( မောရှေ)သခင်ဟာ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်မှုတွင် တစ်စုံတစ်ရာ မှားယွင်းမှုမရှိပါ။
Read more ...

Sunday, December 30, 2018

2019 အတွက် new year resolution

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အောင်မြင်ရေးသော့ချက်တစ်ခုဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့လူကိုရော၊ ယုံကြည်မှု နည်းပါးနေတဲ့လူကိုပါ လုပ်ဖော်ကိုင်ဖက်အသိုင်းအ၀န်းက သတိထားမိတတ်ကြတယ်။ ယုံကြည်မှုမြင့်မားတဲ့လူကို ပေါင်းသင်းဆက်ဆံလိုကြပြီး ယုံကြည်မှုနည်းတဲ့လူကိုတော့ ဝေဖန်စောကြောတတ်ကြပါတယ်။

ဒီတော့ မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားချစ်ခင်မှုရအောင် ဘယ်လို လုပ်မလဲ။ လူတိုင်းကိုယ်စီဟာ မိမိကြီးပြင်းလာတဲ့ ပတ်ဝန်ျးကျင်အလျောက် မိမိကိုယ်ကို ယုံကြည်မှုကွဲပြားတတ်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားခြင်းဟာ မွေးရာပါဗီဇမဟုတ်ပါ။ လေ့ကျင့်ယူလို့ရပါတယ်။ 

အတွေ့အကြုံရင့်ကျက်ပြီးသား လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ယုံကြည်ချက်မြင့်မြင့်မားမားနဲ့ ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ၂၀၁၉  အတွက် ကျွန်တော့်ရဲ့ အကြီးမားဆုံး ရင်ဆိုင်ဖြေရှင်းရမယ့် ကိစ္စကတော့ မိမိကိုယ်ကို ယုံကြည်ခြင်းမြင့်မားလာဖို့နဲ့ အနုတ်သဘောဆောင် အတွေးအခေါ်တွေအားလုံးကနေ ကျော်လွှားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

ကျနော်ရဲ့ ပင်ကိုယ်အားနည်းချက်က သူတစ်ပါးကို စက္ကန့်ပိုင်းအတွင်း အတ္တနောမတိပေတံနဲ့ အကဲဖြတ်ပြီး နိမ့်ကျစွာ ရှုမြင်တတ်တာပဲဆိုတာကို ရှက်ရှက်နဲ့ ၀န်ခံရမှာပါ။ ဒါကြောင့် ကျနော့်မှာ ရင်းနှီးခင်မင်လွန်းတဲ့ သူငယ်ချင်းအပေါင်းအဖော် နည်းပါးပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အဖြစ်အပျက်ကို သတိတရမိပါတယ်။ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပထမဆုံးနေ့ ကျောင်းသားအဖြစ် မိတ်ဆက်ကြိုဆိုပွဲအခမ်းအနားတက်ဖြစ်ပါတယ်။ အစီအစဉ်ကြေညာသူက ဘာကို ပြောနေလဲဆိုတာ သေသေချာချာမကွဲမပြားဖြစ်နေတဲ့အချိန်၊ အိန္ဒိယလူမျိုး နုတ်ခမ်းမွှေးရှည်ရှည်နဲ့ အသက် ၄၀ ကျော် ၅၀ ခန့်ရှိမယ့် လူတစ်ဦးက ကျောင်းသားတွေထိုင်နေတဲ့ သီရေတာခုံတန်းကနေ၊ လှေကားတစ်ထစ်ချင်းဆင်းလာပြီး ပရိသတ်ရှေ့ကို စကားအနည်းငယ် ပြောဖို့ ရောက်လာပါတယ်။ ကျနော်က ထုံးစံအတိုင်း အော်. ဒါကတော့ ကျောင်းသားတွေထဲက ဗော်လန်တီယာတစ်ယောက် ရှေ့ထွက်ပြီး မိတ်ဆက်တာပဲလေ၊ သူကိုလည်းကြည့်ပါဦး၊ သာမာန်အပရိက ၀တ်စားဆင်ယင်ပုံ၊ ဟန်ပန်မပါတဲ့ လမ်းလျှောက်ပုံနဲ့ အခု ဘာတွေ ပြောဦးမှာပါလိမ့်နော်လို့ ချက်ချင်းတွေးမိလိုက်ပါတယ်။ အိန္ဒိယအမျိုးသားကြီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး ပရိသတ်အရှေ့မှာပဲ မတ်တပ်ရပ်နေပါတယ်။ သူက ကျနော်တို့ကို ဘာသာရပ်တစ်ခု သင်ပြပေးမယ့် ဆရာဆိုတာ ကျနော်သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း အခုနက အတွေးကို အလွန်သိမ်ဖျင်းပြီး၊ ရှက်စရာကောင်းတဲ့အတွေးတစ်ခုရယ်လို့တော့ မခံစားမိခဲ့ပါ။ 

သူ့နာမည်က ဒေါက်တာ ဗန်ကတ် ရာမာနသန်ဖြစ်ပါတယ်။ သူ့ရဲ့ သင်ပြမှုနဲ့ ကျနော်ဟာ လွန်ခဲ့တဲ့ ၈ နှစ်တာကာလအတွင်း ကွန်ပျူတာဆော့ဖ်ဝဲ ပရော်ဖက်ရှင်နယ်အဖြစ် နိုင်ငံရပ်ခြားမှာ အခြေချနိုင်ခဲ့ပါပြီ။ အလွန်အင်မတန်မှ သိမ်ဖျင်းပြီး အောက်တန်းကျလှတဲ့ သူတစ်ပါးအပေါ် အပေါ်ယံကြည့်ပြီး အကဲဖြတ်တတ်တဲ့ အကျင့်ဆိုးကြောင့် ကျနော်ဟာ မျက်ရည်တွေစီးကျပြီး၊ စိတ်ထဲကနေ ဆရာ့ကို ကြိတ်ပြီး တောင်းပန်မိခဲ့ပါတယ်။ ဆရာဟာ အလွန်အင်မတန် နှိမ်ချတတ်တဲ့ အကျင့်စရိုက်ရှိသူတစ်ဦးဖြစ်သလို ၊ မိမိရဲ့ တပြည့်များအပေါ်မှာလည်း စာနာနားလည် သဘောထားကြီးသူတစ်ဦးဆိုတာကို ကျနော်သိခဲ့ရပါတယ်။ ကျောင်းပြီးခါနီး နောက်ဆုံးနေ့တွေထဲက တစ်နေ့မှာ ကျနော်ဆရာ့ဆီသွားပြီး ဓါတ်ပုံတစ်ပုံလောက် တွဲရိုက်ပေးဖို့ မေတ္တာရပ်ခံတဲ့အခါ၊ ဆရာက ငါနဲ့ ဘာကြောင့်တွဲရိုက်ချင်တာတုန်းလို့ မေးတဲ့အခါ၊ ကျနော်ပြန်မဖြေနိုင်ခဲ့ပါ။ 

If you judge people, you have no time to love them. (Mother Teresa)

အနုတ်သဘောအတွေးအခေါ်များပြားခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးတာကြောင့်ဖြစ်ပါတယ်။ ဒီထဲမှာ တစ်ပါးသူကို အနုတ်သဘောဘက်ကနေ စတင်ရှုမြင်တတ်ခြင်းလည်း ပါဝင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလာစေဖို့အတွက် ၂၀၁၉ မှာ အောက်ပါနည်းလမ်းလေးတွေအတွက် ပြုမူကျင့်ကြံဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါတွေကတော့ ဒေါက်တာ Todd Dewatt ရဲ့ သင်္ခန်းစာတွေက ကောက်နုတ်ချက်လေးတွေပါ။ 

၁) မိမိရဲ့ လက်ရှိအခြေအနေကို ကျေနပ်လက်ခံတတ်ပါစေ။ နောင် ၅ နှစ်အတွင်း မိမိဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ချရေးပါ။ အနုတ်သဘောဆောင်အတွေးများမှာ လွတ်ကင်းအောင် နေပါ။ အနုတ်သဘောဆောင် အတွေးများရှိနေပါက ချရေးပြီး ပုံဖော်ဖတ်ကြည့်ပါ။ 
၂) အတိတ်က အရိပ်ဟောင်းများကို ကျော်လွှားဖြတ်သန်းပါ။ လူတစ်ယောက်နဲ့ဖြစ်စေ၊ သို့မဟုတ် အမှုအခင်းတစ်ခုခုမှာဖြစ်စေ အနုတ်သဘောဆောင်တဲ့ အဖြစ်အပျက် အရိပ်မည်းကြီး ရှိနေတယ်ဆိုရင် အဲဒီအကြောင်းကို ချရေးပါ။ မိမိယုံကြည်ရသူကို ပြောပြပါ။ နေရာ လူပုဂ္ဂိုလ် အဖြစ်အပျက် အားလုံးပါဝင်ပါစေ။ အဲဒီကိစ္စဘယ်လိုစဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပါဝင်ပါစေ။ ပြီးရင်တော့ အဲဒါမျိုး ကိစ္စမဖြစ်အောင် ရှောင်ကျဉ်နိုင်သလားဆိုတာကို ဆင်ခြင်သုံးသပ်ပါ။ အဲဒီ အတိတ်က အရိပ်ဆိုးကြီးကနေ ဘာတွေ သင်္ခန်းစာယူနိုင်သလဲဆိုတာ ရေးသားမှတ်တမ်းတင်ပါ။ ပြီးရင်တော့ ဒီမေးခွန်းကို မိမိကိုယ်ကို မေးမြန်းပါ၊ အဲဒီကိစ္စက ဦးနှောက်ထဲမှာ စွဲထင်နေအောင်ထိ မိမိဘ၀အတွက် အရေးပါ အရာရောက်ပါသလား။ 
၃) သူတစ်ပါးကို ကူညီပါ။ အကူအညီလိုအပ်သူများကို ဗော်လန်တီယာတစ်ယောက်အနေဖြင့် အကူအညီပေးပါ။ သို့အားဖြင့် သူတို့က မိမိရဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းတွေကို သတိထားမိလာပါလိမ့်မယ်။ သို့သော် အနှောင်အဖွဲ့ကင်း ပြီး သဘောထားဖြောင့်တဲ့ ဗော်လန်တီယာတစ်ယောက်သာ ဖြစ်ပါစေ။ 
၎) ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် ရေတိုရည်ရွယ်ချက်ကလေးများ ချမှတ်ပါ။ တစ်ရက်စာ ရည်ရွယ်ချက်ဖြစ်လျှင်လည်း ရပါတယ်။ ထိုရည်ရွယ်ချက် ပေါက်မြောက်ခဲ့လျှင် မိမိကိုယ်ကို ဆုပေးပါ။ ထိုသို့သော အပြူအမူကို လပေါင်းများစွာ ပြုလုပ်ပါ။ 
၅) အနုတ်သဘောဆောင် အတွေးအခေါ်များကို လုံးဝ ဖယ်ထုတ်ပစ်ပါ။ ဥပမာ ပြီးခဲ့တဲ့ နှစ်အတွင်း မိမိကိုယ်တိုင် အဆိုးဆုံးခံစားခဲ့ရတဲ့ အဖြစ်အပျက်ကို ချရေးပါ။ အသေးစိတ်ချရေးပါ။ ပါဝင်ခဲ့တဲ့ လူတိုင်း ကို မှတ်မိအောင် ပုံဖော်ပါ။ သို့အားဖြင့် အဲဒီလူတွေနဲ့ နောက်နောင် ဆက်ဆံရမယ့် အချိန်မှာ ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ ဆက်ဆံရမယ့် အကြိမ်အရည်အတွက် ပမာဏကိုလည်း လျော့သထက်လျော့အောင် ပြုလုပ်ပါ။ အဲဒီလိုပါပဲ။ ပြီးခဲ့တဲ့ နှစ်အတွင်း မိမိကိုယ်တိုင် ပျော်ရွှင်ခဲ့တဲ့အဖြစ်အပျက်ကို ရေးမှတ်ပြီး အဲဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ လူတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ပါ။ ပိုမို လက်ပွန်းတတီးရှိပါစေ။
၆) မိမိချမှတ်ထားတဲ့ ရည်ရွယ်ချက် မအောင်မြင်ခင်၊ အောင်မြင်မှုကို ကြိုတင်မြင်ပြီး ပိတ်ကားထက်မှာ ကြည့်နေရတဲ့ ရုပ်ရှင်အလား ပုံဖော် စိတ်ကူးယဉ်ပါ။ ထိုရုပ်ရှင်ကို ချစ်ခင်စုံမက်ပါစေ။ ထိုအပြုအမူကို နေ့စဉ် ငါးမိနစ်ခန့် ဆောင်ရွက်ပါ။ 
၇) ကျရှုံးမှုများအတွက် ပြင်ဆင်ထားပါ။ ကျရှုံးမှုများကို အခြားသူများနှင့် အမြင်ဖလှယ်ပါ။ ကျရှုံးမှုများမှ လေ့လာသင်ယူပါ။ ချရေးပါ။ ယုံကြည်ရသူကို ပြောပြပါ။ သောမတ်စ်အက်ဒီဆင်၏ ပြောစကားကို နားထဲပဲ့တင်ထပ်နေပါစေ။ "I have not failed. I have just found out 10,000 ways that wont' work".
၈) မိမိ၏ တိုးတက်မှုဖြစ်စဉ်ကို တိုင်းတာပါ။ လပေါင်းများစွာ ပြုမူဆောင်ရွက်ခဲ့တာတွေကို ပြန်လည် တွေးတောပါ။ စဉ်းစားပါ။ အနုတ်သဘောအချက်အလက်များကို ဖယ်ထုတ်ပစ်ပါ။ အမှတ်စဉ် ၁ ကနေ ၇ အထိ ဆောင်ရွက်ခဲ့သည့်တိုင် အလုပ်မဖြစ်ပါမူ ၊ ၁ ကနေ ၇ ထိ နောက်ထပ်လပေါင်းများစွာ ထပ်မံဆောင်ရွက်ပါ။ 
၉) ၁ ကနေ ၈ အထိ အချိန်ကာလတစ်ခုအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါမူ ၅ နှစ်တာ ရည်ရွယ်ချက်ကြီးကို သတိရပါ။ အကောင်အထည်ဖော်ပါ။ 
၁၀) အောင်မြင်မှုတိုင်းအတွက် အောင်ပွဲခံပါ။ 

Read more ...

Monday, November 6, 2017

အမေ့ခံ တတိယလူ

တော်မီစမစ် ဂျွန်ကားလို့စ်တို့နှင့်အတူ လူတန်းစားခွဲခြားမှုတိုက်ဖျက်ရေးအတွက် အသံတိတ်ဆန္ဒဖော်ထုတ်နေသည့် ပီတာနော်မန်။ ၁၉ ၆၈ မက္ကဆီကို အိုလံပစ်၊ မီတာ ၂၀၀ ဆုပေးပွဲ။ 
Photo is the courtesy of griotmag.com/en/white-man-in-that-photo/

ဒီဓါတ်ပုံကို Black Power Salute လို့ သိကြပါတယ်။ ကမ္ဘာကျော်ဓါတ်ပုံပါ။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အိုလံပစ်ချံပီယံနှစ်ဦးဖြစ်တဲ့ တော်မီစမစ်နဲ့ ဂျွန်ကားလို့စ်တို့က အိုလံပစ်ဆုပေးပွဲမှာ ဖြူမည်းလူတန်းစားခွဲခြားမှုတိုက်ဖျက်ရေးအတွက် ဆန္ဒဖော်ထုတ်နေကြတဲ့ပုံဖြစ်ပါတယ်။ 

အမေရိကန်ပြည်တွင်း လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ပြသခဲ့တဲ့ အမူအရာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့ ၂ ဦးရဲ့ အပြုအမူကို Silent Gesture နဲ့ Salute ဆိုပြီး ရုပ်ရှင်ပြန်ရိုက်ထားတာလည်း ရှိပါတယ်။ 

ဓါတ်ပုံတွေ တခါတလေ လူ့အမြင်ကို လှည့်ဖျားတတ်တယ်။ ဥပမာဒီတစ်ပုံကိုကြည့်ပါ။

၁၉ ၆၈ မက္ကဆီကို အိုလံပစ်။ မီတာ ၂၀၀ အပြေးချံပီယံ လူမည်းအမျိုးသားနှစ်ဦး။ တယောက်က ရွှေတံဆိပ် ဆုရှင် တော်မီစမစ်၊ နောက်တယောက်က ကြေးတံဆိပ်ဆုရှင် ဂျွန်ကားလို့စ်။ 

ဒါပေမယ့် ဒီဓါတ်ပုံမှာ လူမည်းနှစ်ဦးအပြင် ငွေတံဆိပ်ဆုရ လူဖြူတစ်ဦးလည်း ပါနေသေးတယ်။ လက်မမြှောက်ဘဲ ဒီအတိုင်းကြီးရပ်နေတဲ့ လူဖြူဘယ်သူလည်း။ 


ဓါတ်ပုံကို သေချာကြည့်ပါ။ ဖိနပ်မပါ ခြေဗလာ၊ ခြေအိတ်မဲတွေဝတ်ထားတဲ့ လူမည်းနှစ်ဦး။ ခေါင်းတွေငိုက်စိုက်ချထားတယ်။ အမေရိကန်နိုင်ငံတော်သီချင်း ဖြစ်တဲ့ “The Star-Spangled Banner” တီးမှုတ်တဲ့အချိန်မှာ သူတို့ရဲ့ လက်အိတ်မဲမဲတွေကို လေထဲမှာ မြှောက်ပြထားတယ်။ မာတင်လူသားကင်းနဲ့ ဘောဘီကနေဒီတို့လို လူမည်းအရေးလှုပ်ရှားတဲ့ အထင်ကရခေါင်းဆောင်နှစ်ဦး အသက်စတေးခဲ့ရတဲ့အထိ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှု အရှိန်အဟုန်မြင့်နေတယ်။ ဒီခြေဗလာ လူမည်းအားကစားသမားနှစ်ယောက်ရဲ့ ဆုယူအပြီး အခုလိုပုံစံ ဆန္ဒဖော်ထုတ်တာဟာ တကယ့်ကို အရဲတင်းလွန်းတယ်လို့အားလုံးက ယူဆခဲ့ကြတယ်။

ဆန်ဟိုဆေးတက္ကသိုလ်ရှေ့ မြင်တွေ့ရသည့် တော်မီစမစ်နှင့် ဂျွန်ကားလို့စ်တို့၏ ရုပ်တု
Photo is the courtesy of http://griotmag.com/en/white-man-in-that-photo/
၂၀၀၅ ခုနှစ်ကျတော့ ဒီလူမည်းအားကစားသမားနှစ်ယောက် တက်ခဲ့ဖူးတဲ့ ဆန်ဟိုဆေးစတိတ်တက္ကသိုလ်က သူတို့နှစ်ဦးကို ဂုဏ်ပြုပြီး ကျောင်းရှေ့မှာ ရုပ်ထုကြီးစိုက်ထူခဲ့တယ်။ သူတို့နှစ်ဦးရဲ့ အသွင်အပြင်ကို ဓါတ်ပုံထဲကအတိုင်း ပုံစံတူ ထုလုပ်ထားတယ်။ အမြင့်အားဖြင့် ၂၂ ပေ အရှည်ရှိပါတယ်။ လူအခွင့်အရေးနဲ့ သာတူညီမျှဖြစ်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ တိုက်ပွဲဝင်ခဲ့ကြတဲ့ အိုလံပစ်ပြန်အားကစားသမားနှစ်ဦးကို အခုလို ဂုဏ်ပြုခဲ့ရတဲ့အထိ သူတို့နှစ်ဦးရဲ့ ဓါတ်ပုံထဲက အမူအရာက တာသွားခဲ့ပါတယ်။

ဒါကြောင့် ဒီဓါတ်ပုံဟာ တကယ့်ကို သမိုင်းဝင်လှတဲ့ ဓါတ်ပုံဆိုလည်းမမှားပါဘူး။ ဒီပုံထဲက လူမည်းနှစ်ဦးထက်ပိုပြီး ဘယ်သူကများ ငွေတံဆိပ်ဆုရ လူဖြူကို စိတ်ဝင်တစား မေးမြန်းစိစစ်ပါတော့မလဲ။ ကားလို့စ်နဲ့ စမစ်တို့နှစ်ဦးရဲ့ အသံတိတ်ဆန္ဒပြမှုအလယ်မှာ ဒီတယောက်က ရေခဲတုံးကြီးလို ဘာအသွင်အပြင်အမူအရာမှ မပြဘဲ ရပ်နေတယ်။ သူက ဘာလဲ။ ဘယ်သူလဲ။  

၁၉ ၆၈ မက္ကဆီကို အိုလံပစ်ညခြမ်းမှာ လူမည်းအားကစားသမားနှစ်ဦးနဲ့အတူ  သူရဲကောင်းဖြစ်ခဲ့တဲ့သူဘယ်သူရှိဦးမလဲ။ ဒီမေးခွန်းရဲ့ အဖြေက လူတိုင်းကို အံ့အားသင့်သွားစေလိမ့်မယ်။ ဓါတ်ပုံထဲက လူဖြူဟာ အိုလံပစ်ညခြမ်းမှာ လူမည်းအားကစားသမားတွေနည်းတူ ရဲဝံ့စွာနဲ့ မိမိယုံကြည်ရာကို ဖော်ထုတ်ပြသခဲ့သူဖြစ်ပါတယ်။ သူ့နာမည်က ပီတာနော်မန်ပါ။ သြဇီအားကစားသမားပါ။ မီတာ ၂၀၀ နောက်ဆုံးဖိုင်နယ်ပြေးပွဲကို ဆီမီးစံချိန် ၂၀.၂၂ စက္ကန့် နဲ့ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ထက်ပိုပြီး ဆီမီးမှာ စွမ်းဆောင်နိုင်သူ နှစ်ဦးကတော့ တော်မီစမစ်နဲ့ ဂျွန်ကားလို့စ်တို့ဖြစ်ပါတယ်။ တော်မီက ၂၀.၁၄ နဲ့ ကားလို့စ်က ၂၀.၁၂ ပါ။ 

ဆီမီးရလဒ်တွေကိုကြည့်ရင် ဖိုင်နယ်ကတော့ လူမည်းနှစ်ဦးရဲ့ ပွဲလို့ အားလုံးက ထင်ကြေးပေးမှာပဲ။ နော်မန်ဆိုတဲ့  သြဇီလူဖြူကို ဘယ်သူမှလည်း သိတာမဟုတ်ဘူး။ ဆီမီးမှာ တပွဲတိုးကောင်းခဲ့လို့ ဖိုင်နယ်ရောက်လာတဲ့သူပဲလို့ အားလုံးသတ်မှတ်ကြမှာပဲ။  

ဂျွန်ကားလို့စ်ကို ကျော်ဖြတ်ပြီး ငွေတံဆိပ်ယူခဲ့တဲ့ သြဇီအားကစားသမား နော်မန်ဟာ အရပ် ၅ ပေ ၆ လက်မသာရှိတဲ့ လူပုကလေးဖြစ်ပါတယ်။ စမစ်ရော ကားလို့စ်ပါ အရပ် ၆ ပေ ၂ လက်မအထက်ရှိကြပါတယ်။ 

ဖိုင်နယ်ရောက်တော့ ပီတာနော်မန်ဆိုတဲ့ သွယ်လျတဲ့ကိုယ်ခန္ဓာပိုင်ရှင် အားကစားသမားက သူ့ဘ၀တစ်သက်စာ အမှတ်ရနေစေရမယ့် စံချိန်ကို စိုက်ထူပြခဲ့ပါတယ်။ မီတာ ၂၀၀ ကို ၂၀.၀၆ နဲ့ ပန်းဝင်ခဲ့တယ်။ သူ့ဘ၀တလျောက်လုံးအတွက် အကောင်းဆုံးစံချိန်လည်းဖြစ်ခဲ့တယ်။ သြဇီတစ်ယောက် တင်ထားတဲ့ စံချိန်။ ၄၇ နှစ်ကြာပြီးတဲ့ အချိန်အထိဘယ်သူမှ ချိုးဖျက်နိုင်ခြင်းလည်း မရှိသေးပါဘူး။ ဓနသဟာယအားကစားပြိုင်ပွဲများရဲ့  အကောင်းဆုံးစံချိန်လည်းဖြစ်ပါတယ်။


ဒါပေမယ့် နော်မန်ကံမကောင်းခဲ့ပါ။ ဂျက်လေယာဉ်လို့ အမည်ပြောင်ရထားတဲ့ တော်မီစမစ်က နော်မန်ရဲ့ စံချိန်ကိုချိုးပြီး ကမ္ဘာ့စံချိန်တင်ပြနိုင်ခဲ့တယ်။ အိုလံပစ်ညခြမ်းရဲ့ မီတာ ၂၀၀ ပြေးပွဲဟာ ရင်သပ်ရှုမောစရာကောင်းလွန်းခဲ့တာ အမှန်ပါ။ 



ပြိုင်ပွဲပြီးတော့ ဆုပေးပွဲနောက်ကလိုက်တာ ထုံးစံပဲ။ အိုလံပစ်သမိုင်းမှာ စမစ်၊ ကားလို့စ်နဲ့ နော်မန်တို့ သုံးယောက် တက်ယူခဲ့တဲ့ ဒီဆုပေးပွဲလောက် ဘယ်ဆုပေးပွဲအခမ်းအနားက ကျွန်တော်တို့ကို အမှတ်ရစေမှာတုန်း။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှတဲ့ ဆုပေးပွဲအခမ်းအနားပါပဲ။ 

မိမိတို့ကို ခွဲခြားဆက်ဆံနေတဲ့ လူတွေရှိနေရာ အမိနိုင်ငံတော်ကို ကိုယ်စားပြုပြီး ဂုဏ်ထူးဆောင်ပေးခဲ့ကြတဲ့ လူမည်းနှစ်ဦး။ မိမိထက် အရပ်အမောင်းအားဖြင့် များစွာမြင့်မားပြီး ကမ္ဘာကျော်နေပြီဖြစ်တဲ့ လူထွားကြီးနှစ်ဦးကို ရင်ပေါင်တန်းအံတုပြခဲ့တဲ့ လူပိန်လူဖြူ ဂျပုကလေး။ 

အဲဒါတွေထက်ပိုပြီး အမှတ်ရနေစေရမယ့် အခိုက်အတန့်ကာလ။ ကြိုတင်စီမံထားတာမျိုးလည်းမဟုတ်၊ တကယ့်ကို ကြီးကျယ်တဲ့ ဖြစ်ရပ်ကြီးတစ်ခု အိုလံပစ်ဆုပေးပွဲစင်မြင့်ထက်မှာ ဖြစ်ပျက်ခဲ့တယ်။ စမစ်နဲ့ ကားလို့စ်တို့က လူ့အခွင့်အရေးအတွက် သူတို့ဘယ်လို တိုက်ပွဲဝင်သလဲဆိုတာကို ပရိသတ်ထံ ပြသဖို့ ဆုံးဖြတ်ခဲ့ကြပြီးဖြစ်တယ်။ သူတို့ဒီလို လုပ်မယ်ဆိုတဲ့ သတင်းကိုလည်း အပြေးအားကစားသမားတွေအားလုံး သိပြီးနေပြီ။ 

နော်မန်ဆိုတာ လူဖြူ သြဇီအမျိုးသား။ သြစတေးလျမှာလည်း အဲဒီတုန်းက တကယ့်ကို တင်းကျပ်တဲ့ လူမျိုးရေးခွဲခြားမှု ဥပဒေကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဘယ်လောက်ထိ တင်းကျပ်သလဲဆိုရင် နယ်လ်ဆင်မင်ဒဲလားတို့မြေ တောင်အာဖရိကရဲ့ ဥပဒေအလား တင်းကျပ်ပါတယ်။ လူဖြူမဟုတ်သူတွေကို ပြည်ဝင်ခွင့်မပေးဖို့၊ သြဇီဒေသခံ အဘော်ရီဂျင်းလူမည်းတွေကို ခွဲခြားဖိနှိပ်ဖို့ ၊ ဘယ်လောက်ထိအောင်လဲဆိုရင် အဘော်ရီဂျင်း ကလေးငယ်လေးတွေကို သြဇီလူဖြူတွေက အဓမ္မမွေးစားပိုင်ခွင့်ဥပဒေတွေ အထိ သတ်မှတ်ပြဌာန်းထားပါတယ်။ ဒါတွေကြောင့် နိုင်ငံတွင်းမှာ တင်းမာမှု မြင့်လာပြီး ဆန္ဒပြမှုတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ 

အိုလံပစ်ဆုပေးပွဲ။ လူမည်းအမေရိကန်နှစ်ဦးက လူဖြူပိန်သေးကို မေးပါတယ်။ 

လူမည်းနှစ်ဦး - မင်းလူ့အခွင့်အရေးဆိုတာကို ယုံလား။ 
လူဖြူပိန်သေး -  ယုံတယ်၊ လက်ခံတယ်။ 
လူမည်းနှစ်ဦး - မင်းဘုရားရှင် (God) ကို ယုံလား။
လူဖြူပိန်သေး - ငါ ကယ်တင်ချင်းတပ် (Salvation Army) ကို ရောက်ဖူးတယ်။ ငါ ဘုရားရှင် (God) ကို နှစ်နှစ်ကာကာ ယုံကြည်လက်ခံတယ်။ 

ဂျွန်ကားလို့စ် - ကျွန်တော်တို့ သုံးဦးပေါင်းပြီး လုပ်ပြကြမယ့်အချင်းအရာက တခြားအားကစားသမားတွေမှာရှိတဲ့ ခွန်အားသတ္တိတွေထက် အဆပေါင်းများစွာပိုတယ်။ လူဖြူပိန်သေးက ကျွန်တော်တို့နှစ်ဦးကို ဖြေခဲ့တယ်။ 

“ငါလည်း မင်းတို့နဲ့ အတူ ပါမယ်။”

ဂျွန်ကားလို့စ် - သူ့မျက်နှာမှာ ကြောက်ရွံ့မှုအနည်းငယ်ရှိနေတာ ထင်ရှားနေတယ်။ ဒါပေမယ့်အဆုံးမှာတော့ ကျွန်တော်တို့ မေတ္တာတရားဆိုတာကို သူ့ထံကနေ မြင်တွေ့ခဲ့ရတယ်လေ။ 

လူသားတိုင်း ခွင့်တူညီမျှ ရရှိဖို့ လှုပ်ရှားမှုမှာ အားကစားသမားတွေအနေနဲ့ ထောက်ခံတယ်ဆိုရင် တပ်ဆင်ဖို့ တံဆိပ်ကို အိုလံပစ်လူ့အခွင့်အရေး ပရောဂျက်ကနေ ထုတ်ပေးထားတယ်။ စမစ်နဲ့ ကားလို့စ်က အဲဒီ တံဆိပ်ကို ရင်ဘတ်မှာ တပ်ပြီး အားကစားကွင်းထဲမှာ မတ်တပ်ရပ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်က လူမည်းတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခကို ကိုယ်စားပြုဖို့အတွက်ကတော့ ဖိနပ်မပါ ခြေစွပ်အမဲနဲ့ ဆုတက်ယူမယ်။ အမေရိကန်ပြည်တွင်းမှာ ထင်ရှားတဲ့ လူမည်းတော်လှန်ပြောင်းလဲရေးသမားတွေရဲ့ပါတီ Black Pahters ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အမဲရောင် လက်အိတ်တွေကို ၀တ်ဆင်မယ်။ ဒါပေမယ့် ဆုပေးမယ့်စင်ကို သွားခါနီးကြည့်လိုက်တော့ လက်အိတ်က တစ်စုံတည်းရှိတာ သိလိုက်ရတယ်။ လူဖြူပိန်သေးက မင်းတို့ နှစ်ယောက် တယောက် တဖက်စီဝတ်ကြပေါ့လို့ ခပ်တိုးတိုးအကြံပေးသွားလေရဲ့။ 

လူဖြူပိန်သေး - မင်းတို့ယုံကြည်တာကို ငါလည်းယုံကြည်တယ်။ ဒါပေမယ့် ငါကတော့ မင်းတို့နဲ့ မတူတာကို လုပ်ပြမယ်။ မင်းတို့ဆီမှာ ဒါမျိုး တံဆိပ် အပိုရှိလား။ (အိုလံပစ်ပရောဂျက်မှ ထုတ်ပေးထားသည့် လူသားအားလုံးသာတူညီမျှ ဖြစ်ရေး ရင်ဘတ်တံဆိပ်ကို လက်ညှိုးညွှန်လျက်) အဲဒီနည်းနဲ့ မင်းတို့အတူ တသားတည်းရှိကြောင်း ငါဖော်ပြမယ်။ 

စမစ် - ဒီလို ပြောတော့ ကျွန်တော် တုန်လှုပ်သွားတယ်ဗျာ။ ဒီလူဖြူသြဇီက ဘာလဲ။ သူ့ဟာသူ ငွေတံဆိပ်ကို အေးအေးယူပြီး ထွက်သွားရင် ပြီးသွားမှာပဲလေ။ “ဒီမယ် ငါမှာတော့ ဒါပဲ ရှိတယ်။ ငါ့မှာ ရှိတာတော့ မင်းကို မပေးနိုင်ဘူး။ အေး၊ ဒါပေမယ့် ဟိုးက လူ့အခွင့်အရေးလှုပ်ရှားသူ ပေါလ်ဟောဖ်မန်းဆိုတဲ့လူဆီမှာ တစ်ခုရှိတယ်၊ မင်းတောင်းယူပေတော့။”


ပေါလ်ဟော့ဖ်မန်း - လူဖြူတစ်ယောက်သာ ငါ့ဆီက ဒီတံဆိပ်တောင်းရင် ဘုရားရှင်ကို သက်သေတည်ပါတယ်၊ ငါသေချာပေါက်ပေးမှာပဲ။ “ကျုပ်မှာရှိတဲ့ တစ်ခုတည်းသော တံဆိပ်ကို နော်မန်ဆီ ပေးပစ်လိုက်တယ်လေ”။

ပီတာနော်မန်ရင်ဘတ်တွင် ချိတ်ဆွဲခဲ့သည့် လူ့အခွင့်အရေး အိုလံပစ်ပရောဂျက်တံဆိပ်ပုံ
Photo is the courtesy of http://griotmag.com/en/white-man-in-that-photo/

အိုလံပစ်ချန်ပီယံသုံးဦး ဆုချီးမြှင့်မယ့် စင်ဆီလှမ်းသွားကြလေပြီ။ နောက်ပိုင်း ဖြစ်ပျက်လာမယ့် အကြောင်းအရာတွေက သမိုင်းစာမျက်နှာထက် ကဗ္ဗည်းရေးထိုးမှတ်တမ်းဝင်ခဲ့ပါသည်။

လူဖြူနော်မန် - ဘာတွေဖြစ်နေခဲ့လဲဆိုတာ ကျွန်တော်ဝေေ၀၀ါးဝါးပဲ။ ဒါပေမယ့် ဒီအားကစားသမားနှစ်ယောက်က အမေရိကန်နိုင်ငံတော် သီချင်းဆိုတဲ့အခါ သူတို့အကြံအတိုင်း အကောင်အထည်ဖော်တယ်ဆိုတာ ကျွန်တော်မှတ်မိနေတယ်။ နိုင်ငံတော်သီချင်းဆုံးသွားတဲ့အထိ အဲဒီလက်အိပ်မည်းကြီးတွေကို လေထဲမှာ မြှောက်ထားခဲ့ကြတယ်။ အဲဒီနောက် အားကစားကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့တာပဲ။

အမေရိကန် အိုလံပစ်အဖွဲ့ ခေါင်းဆောင်ကတော့ ဒီလူမည်းနှစ်ဦးကတော့ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ထိုက်သင့်တာကို ပြန်ပေးရမယ်ဆိုပြီး ကျိန်းဝါးခဲ့ပါသတဲ့။ ဒီလိုအပြုအမူက အားကစားနဲ့ လားလားမျှ မပတ်သတ်ဘူးလို့လည်း သူက ထင်မြင်ခဲ့ပါတယ်။ စမစ်နဲ့ ကားလို့စ်ကို အမေရိကန် အိုလံပစ်အဖွဲ့ကနေ ချက်ချင်းထုတ်ပြစ်ခဲ့ပါတယ်။ တည်းခိုရာ အိုလံပစ်ရွာကနေလည်း မောင်းထုတ်ခဲ့ပါတယ်။ ပီတာဟော်ဖ်မန်းကိုလည်း စည်းကမ်းချိုးဖောက်မှုနဲ့ စွဲချက်တင်ခဲ့ကြပါတယ်။

အမေရိကန်ပြန်ရောက်တော့ အကျိုးဆက်အနေနဲ့ ကမ္ဘာ့အမြန်ဆုံးလူမည်းအားကစားသမားနှစ်ယောက်က အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒါပေမယ့် သူတို့နှစ်ဦးဟာ လူ့အခွင့်အရေးတိုက်ပွဲမှာ ချန်ပီယံတွေဖြစ်ခဲ့ကြတယ်ဆိုတာကို အချိန်က သက်သေထူသွားခဲ့ပါပြီ။ သူတို့နှစ်ဦးက ၁၉ ၆၈ အမေရိကန်အိုလံပစ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ အားကစားသမားနှစ်ဦးအဖြစ် ပြန်လည်အသိအမှတ်ပြုခံခဲ့ရသလို၊ သူတို့ရဲ့ ဆုယူစဉ်အပြုအမူကို ဆန်ဟိုဆေးတက္ကသိုလ်ဥပစာမှာ ရုပ်ထုကြီးထုပြီး ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီရုပ်ထုကြီးမှာ ပီတာနော်မန်တော့ မပါပါဘူး။ ဒါကြောင့်လည်း ၁၉ ၆၈ အိုလံပစ်ရဲ့ သူရဲကောင်းကြီးကို ဘယ်သူကမှ အထူးတလည် သိကျွမ်းတာမျိုး မရှိခဲ့ဘူးလေ။ 

ကိုယ့်ဟာကို ဖာသိဖာသာနဲ့နေပြီး ငွေတံဆိပ်ယူပြီး သူရဲကောင်းပမာ အိမ်ပြန်နိုင်တဲ့အခွင့်အရေးကို လျစ်လျူပြုခဲ့သူ နော်မန်။ သူ့လုပ်ရပ်ကြောင့် မက္ကဆီကို အိုလံပစ်နောက်ပိုင်း ဘယ်အိုလံပစ်ပြိုင်ပွဲကိုမှ ခြေချခွင့်မရတော့ပြီ။ မြူးနစ်အိုလံပစ် ခြေစစ်ပွဲ မီတာ ၂၀၀ ကို အကြိမ်ပေါင်း ၁၃ ကြိမ်၊ မီတာ ၁၀၀ ကို အကြိမ်ပေါင်း ၅ ကြိမ်တိတိ အောင်မြင်ခဲ့ပေမယ့် သြစတေးလျအိုလံပစ်ကော်မတီက နော်မန်ကို မရွေးတော့ပါ။ 

မြူးနစ်မှာ ပါခွင့်မရတော့တာ သိလျှင် သိချင်း နော်မန်တစ်ယောက် အားကစားသမားဘ၀ကနေ အနားယူသွားခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် ဆစ်ဒနီအိုလံပစ် မှာလည်း နိုင်ငံဂုဏ်ဆောင်ပေးခဲ့တဲ့ နော်မန်ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြု မခံခဲ့ရပါ။ ပီတာနော်မန်ကို ဆစ်ဒနီအိုလံပစ်ပွဲတက်ရောက်ဖို့ ဘယ်သူမှ ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့ပါ။ 

ဒါကို အမေရိကန်အိုလံပစ်ကော်မတီက သိရှိသွားတဲ့အတွက် အမေရိကန်အိုလံပစ်ကစားသမားတွေနဲ့အတူ ဆစ်ဒနီကို လေယာဉ်ပျံတစ်စီးထဲစီးပြီး ပြန်သန်းပေးဖို့နဲ့ အမေရိကန်အိုလံပစ်ကော်မတီရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အမေရိကန်အပြေးချံပီယံ မိုက်ကယ်ဂျွန်ဆင်ကလည်း နော်မန်ကို တလေးတစား ဂုဏ်ပြုခဲ့ပါတယ်။ 


ပီတာနော်မန်တစ်ယောက် ၂၀၀၆ ခုနှစ် အောက်တိုဘာ ၉ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ နော်မန်ရဲ့ ဈာပနကို ရင်ပေါင်တန်းရပ်ပြီး လူတန်းစားခွဲခြားမှုကို ဆန့်ကျင်ပြခဲ့တဲ့ လူမည်းကြီးနှစ်ယောက်တက်ရောက်ခဲ့ပါတယ်။ ရုပ်ကလပ်ထည့်သွင်းထားရာ အခေါင်းကို လူမည်းကြီးနှစ်ဦးက ဂုဏ်ယူဝမ်းနည်းစွာ ပခုံးထက်ထမ်းခဲ့ကြပါတယ်။ 

ပီတာနော်မန်၏ဈာပနတွင် ရုပ်ကလပ်ကို ထမ်းပိုးပြီး ဂုဏ်ပြုပေးခဲ့ကြသည့် ပီတာ၏သူငယ်ချင်းနှစ်ဦး၊ တော်မီစမစ်နှင့် ဂျွန်ကားလို့စ်
Photo is the courtesy of http://griotmag.com/en/white-man-in-that-photo/


“ဤသည်ကား ပီတာနော်မန်တစ်ယောက် တော်မီစမစ် နဲ့ ဂျွန်ကားလို့စ်တို့ကို လူတန်းစားခွဲခြားရေးတိုက်ပွဲမှာ ကူညီပေးခဲ့တာမဟုတ်ပါ။ ဤသည်ကား ပီတာနော်မန်တစ်ယောက် မိမိ၏ ယုံကြည်ရာကိုသာ ဖော်ထုတ်ပြသခဲ့ခြင်းပါပေ။” (ဂျွန်ကားလို့စ်) 


http://edition.cnn.com/2012/04/24/sport/olympics-norman-black-power/index.html ကိုမှီငြမ်းပါသည်။
Read more ...

Thursday, May 26, 2016

ဘာသာရေးဆိုင်ရာ စော်ကားအသရေဖျက်မှုအတွက် အစ္စလာမ်က ပြဌားန်သည့် အပြစ်ဒဏ်

ဘာသာရေးဆိုင်ရာ စော်ကားအသရေဖျက်မှုအတွက် အစ္စလာမ်က ပြဌားန်သည့် အပြစ်ဒဏ်

ဘာသာရေး ယုံကြည်ကိုးကွယ်ရာကို မထီမဲ့မြင်ပျက်ရယ်ပြုတယ်ဆိုရင်ဒါကို ‘သာသနာညှိုးနွမ်းစေမှု’ ဒါမှမဟုတ်  ‘သာသနာရေးပိုင်းဆိုင်ရာ အကြည်ညို ပျက်စေမှု’ စသဖြင့် သိကြပါတယ်။

သာသနာတစ်ခုက ပြဌာန်းထားတဲ့ ကျမ်းစာ၊ အဲဒီသာသနာဝင်တွေ ဂုဏ်သိက္ခာပေး လေးစားတဲ့ တမန်တော်တွေ၊ သူတော်စင်တွေကို ပျက်ရယ်ပြုမယ်၊ ဆန့်ကျင်ဘက်စကားဆိုမယ်ဆိုရင် ဒီလုပ်ရပ်ကို သာသနာညှိုးနွမ်းအောင်ဖန်တီးတဲ့ အနုတ်သဘောဆောင် လုပ်ရပ်လို့ သတ်မှတ်ရပါမယ်။

သာသနာကို ပျက်ရယ်ပြုတာကြောင့် အဲဒီသာသနာကို ကိုးကွယ်ကြသူတွေ စိတ်နှလုံးထိခိုက်ခံစားကြရမှာ ဖြစ်သလို၊ နာမ်ပိုင်းဆိုင်ရာ ယုံကြည်ချက်ကို စော်ကားခြင်းကြောင့်လည်း လူ့အသိုက်အ၀န်းအတွင်း မတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါတင်မက တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့်လဲ အစ္စလာမ်သာသနာက အခြားသော သာသနာတွေကို မကောင်းပြောအပုပ်ချ ခြင်းကနေ ရှောင်ဖို့သွန်သင်ပြဌာန်းထားခြင်း ဖြစ်ပါတယ်။

“အလ္လာဟ်အားစွန့်ပယ်၍ သူတို့ဟစ်ခေါ်တမ်းတကြ သည့်အရာများကို အသင်သည် ဆဲရေးခြင်းမပြုလင့်။ ထိုသို့ ပြုလျှင် ယင်းသူတို့သည် ရန်လိုလျက် အသိပညာမရှိသဖြင့် အလ္လာဟ်ကို ဆဲရေးခြင်းပြုကြပေလိမ့်မည်။” (ကုရ်အာန်ကျမ်းစာ အခန်းအမှတ် ၆ ၊ မုက္ခပါတ်အမှတ်စဉ် ၁၀၉)

အစ္စလာမ်က အခြား သာသနာများကို တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ သာသနာရေးပိုင်းဆိုင်ရာ အထွတ်အမြတ်ထားသူတွေကို လှောင်ပြောင်ကဲ့ရဲ့တာမျိုး မလုပ်ကြဖို့ သွန်သင်ဆုံးမထားလင့်ကစား၊ အကယ်၍ မွတ်စလင်မ်တစ်ဦး သို့မဟုတ် မွတ်စလင်မ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မွတ်စလင်မ်မဟုတ်သူတစ်ဦးက အဲဒီအမှုကို ကျူးလွန်ခဲ့မယ်ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ချမှတ်ဖို့ သတ်မှတ်ပြဌာန်းထားခြင်း မရှိပါဘူး။

ဒါပေမယ့် ယနေ့ခေတ် အစ္စလာမ်မစ်နိုင်ငံအချို့မှာတော့ blasphemy law လို့ခေါ်တဲ့ သာသနာညှိုးနွမ်းစေမှု သို့မဟုတ် သာသနာအသရေပျက်စေမှု စတဲ့ ပုဒ်မတွေကို ပြဌာန်းထားပါတယ်။ ဒါ့ပြင် အဲဒီနိုင်ငံတွေမှာ မိမိတို့ကိုယ်ပိုင် ကျင့်သုံးလိုက်နာတဲ့ အစ္စလာမ်ဘာသာရေးယုံကြည်ချက်ကို လက်သင့်မခံသူတိုင်းကလည်း နိုင်ငံ့ဥပဒေအရ မွတ်စလင်မ်မဟုတ်သူတွေ အလိုအလျောက်ဖြစ်သွားကြရပါတယ်။ အဲဒီလို နိုင်ငံတော်ရဲ့တရားဝင်ဥပဒေအရ မွတ်စလင်မ်မဟုတ်သူတွေလို့ ပြဌာန်းခံထားရသူတွေ ကျင့်သုံးတဲ့ အစ္စလာမ့်ယုံကြည်ချက် တိုင်းကို ‘သာသနာအကြည်ညှိုပျက်စေမှု’ ပုဒ်မနဲ့ ဖမ်းဆီးအရေးယူကြပါတော့တယ်။

အခုဒီဆောင်းပါးမှာတော့ အစ္စလာမ်မစ်နိုင်ငံများမှာရှိတဲ့ သာသနာညှိုးနွမ်းစေမှု ဥပဒေပုဒ်မများဟာ အစ္စလာမ်သာသနာနဲ့ လားလားမျှ မသက်ဆိုင်တဲ့ အကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နှင့် သာသနာရေးဆိုင်ရာ အသရေဖျက်မှု

လူ့အသိုက်အ၀န်းတစ်ခု တိုးတက်ဖို့အတွက် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ပိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် အဲဒါကို အရင်းခံပြီး ဘာသာရေးအသရေဖျက်တာမျိုး၊ စော်ကားပျက်ရယ်ပြုတာမျိုး မလုပ်သင့်ပါ။ ဒါကြောင့် အစ္စလာမ်က လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ကို ပြဌာန်းပေးထားတယ်၊ ဘာသာရေးဆိုင်ရာ အသရေဖျက်မှုမျိုး မလုပ်ဖို့တားမြစ်ထားတယ်၊ သို့သော် တစ်စုံတစ်ယောက်က ဘာသာရေးစော်ကားပြောတာမျိုး လုပ်ခဲ့ရင်လည်း အပြစ်ပေး အရေးယူဖို့ကို ပြဌာန်းထားခြင်း မရှိပါ။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ရဲ့ စတုတ္ထမြောက် ဦးစီးခေါင်းဆောင် ခလီဖာ ဟာဇရသ်မီရ်ဇာ သာဟီရ်အဟ်မဒ်က အောက်ပါအတိုင်း ရေးသားခဲ့ဖူးပါတယ်။

“ဘာသာရေးဆိုင်ရာ အသရေဖျက်စော်ကားမှု - အစ္စလာမ်က လွတ်လပ်စွာ ဖော်ထုတ်တင်ပြပိုင်ခွင့်ကို ခွင့်ပြုပေးထားတဲ့နေရာမှာ အခြားသာသနာတွေထက် ခြေလှမ်းတစ်လှမ်းသာတာကို တွေ့ရပါတယ်။ ဘာသာရေးဆိုင်ရာ အသရေဖျက်မှုကို စိတ်ပိုင်းဆိုင်ရာရှုထောင့်အရလည်းကောင်း၊ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်အရလည်းကောင်း တားမြစ်ထားတယ်၊ သို့သော် ယနေ့ကာလမှာ အဲဒီအတွက်  အစ္စလာမ်သာသနာက ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ် သတ်မှတ်ထားတယ်ဆိုပြီး ယေဘုယျပြောဆိုတင်ပြ နေကြပေမယ့် တကယ်တမ်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်သတ်မှတ်ပြဌာန်းထားခြင်းမရှိဘူး။ ကျွန်တော်ဟာ ကျမ်းမြတ်ကုရ်အာန်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ အထပ်ထပ်အခါခါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ဖူးတယ်။ ဒါပေမယ့် သာသနာရေးဆိုင်ရာ စော်ကားအသရေဖျက်မှုအတွက် လောကီလူသားတွေဘက်ကနေ အပြစ်ပေးအရေးယူနိုင်ဖို့ သတ်မှတ်ထားတဲ့ မုက္ခပါတ်တစ်ခုတစ်လေတောင် မတွေ့ခဲ့ပါ။ မနှစ်မြို့ဖွယ် အမူအကျင့်တွေ၊ မနှစ်မြို့ဖွယ် ပြောစကားတွေနဲ့ အခြားသူများရဲ့ စိတ်နှလုံးကို ထိခိုက်စေမယ့် အရာတွေကို မလုပ်ကြဖို့ ကုရ်အာန်က ပြင်းပြင်းထန်ထန်တိုက်တွန်းထားပေမယ့်၊ ဘာသာရေးဆိုင်ရာ အသေဖျက်စော်ကားမှုအတွက်တော့ အပြစ်ဒဏ်တစ်စုံတစ်ရာပြဌာန်းထားတာမျိုး မရှိသလို၊ ကျူးလွန်သူကို အပြစ်ပေးဖို့ အခွင့်အာဏာလည်း ဘယ်အာဏာပိုင်ကိုမှ အပ်နှင်းထားတာမျိုး မရှိပါဘူး။ ” (Islam’s Response to Contemporary Issues, Pg. 39)

ထာဝရဘုရား၏ တမန်တော်တိုင်း ကျူးလွန်စော်ကားပျက်ရယ်ပြုခံခဲ့ကြရသည်၊ သို့သော် ကျူးလွန်သူတစ်စုံတစ်ယောက်မျှ အရေးယူခြင်း မခံခဲ့ကြရ

တမန်တော်တိုင်းဟာ အသေရဖျက် စော်ကားခံခဲ့ကြရတယ်။ ဒါကို အလ္လာဟ်ဘုရားရှင်က ကုရ်အာန်ကျမ်းစာမှာ အခုလို မှတ်တမ်းတင်ထားတော်မူပါတယ်။ “သတိပေးနှိုးဆော်သူ (တမန်တော်) ကြွရောက်လာခြင်းမရှိသည့် လူမျိုးဟူ၍ မရှိပေ” (ကုရ်အာန် အခန်းအမှတ် ၃၅၊ မုက္ခပါတ်အမှတ်စဉ် ၂၅) ၊ တစ်ဖန် “တမန်တော် တစ်ပါးသော်မျှ ယင်းသူတို့ထံ ကြွရောက်မလာလေနှင့်၊ ကြွရောက်လာသည်နှင့် ယင်းသူတို့က ပျက်ရယ်ပြု လှောင်ပြောင်ခဲ့ကြသည်သာ။” (ကုရ်အာန် အခန်းအမှတ် ၄၃ ၊ မုက္ခပါတ်အမှတ်စဉ် ၈) ဆိုပြီး မှတ်သားကြရပါတယ်။

“ထို့နောက်တစ်ဖန် ငါတို့သည် မိမိ၏တမန်တော်များကို စဉ်ဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါတွင်မဆို အွမ္မတ် အုပ်စုတစ်စုစုထံသို့ သူတို့၏တမန်တော် ရောက်ရှိ လာသော် ထိုသူတို့သည် သူ့အား မဟုတ်မမှန်(လူလိမ်) ဟု စွပ်စွဲကြ၏။” (ကုရ်အာန် အခန်းအမှတ် ၃၃ ၊ မုက္ခပါတ်အမှတ်စဉ် ၄၅)

“အစေတော်လူသားများအတွက် ဝမ်းနည်းဖွယ်ကောင်း လေစွ။ မည်သည့်အခါမဆို ၎င်းတို့ထံ တမန်တော်တစ်ပါးပါး ရောက်ရှိလာလေတိုင်း ၎င်းတို့သည် သူ့အား လှောင်ပြောင် သရော်ခဲ့ကြပေသည်။” (ကုရ်အာန် အခန်းအမှတ် ၃၆ ၊ မုက္ခပါတ်အမှတ်စဉ် ၃၁)

တမန်တော်ယေရှုနဲ့ မိခင်မရ်ယမ်သခင်မတို့ဟာလည်း စော်ကားပျက်ရယ်ပြုတာကို ခံခဲ့ကြရပါတယ်။

“……..ထို့ပြင် သူတို့၏မယုံကြည်ငြင်းပယ်မှုကြောင့်လည်း ကောင်း၊ ထို့ပြင် သူတို့သည် မရ်ယမ်နှင့်ဆန့်ကျင်၍ အလွန် ကြီးကျယ်သည့် မတရားစွပ်စွဲသောစကားကို ပြောဆိုခြင်း ကြောင့်လည်းကောင်း။….” (ကုရ်အန် အခန်းအမှတ် ၄၊ မုက္ခပါတ်အမှတ်စဉ် ၁၅၇)

ဒီမုက္ခပါတ်အားဖြင့် ယေရှုနဲ့ မိခင်ဖြစ်သူတို့ကို ဂျူးတွေက အသရေဖျက်စော်ကားခဲ့ကြတာ သိသာစေပါတယ်။ မရ်ယမ်သခင်မကို ဂျူးတွေက ကိုယ်ကျင့်တရားဖောက်ပြားသူလို့ အသရေဖျက်သလို ယေရှုကိုတော့ အဖမဲ့မွေးဖွားလာသူရယ်လို့ ကင်ပွန်းတပ် လှောင်ပြောင်ခဲ့ကြပါတယ်။

တမန်တော်မုဟမ္မဒ်အား စော်ကားပျက်ရယ်ပြုမှုများကို ကုရ်အာန်ကျမ်းတွင်ဖော်ပြထားသော် လည်း၊ ကျူးလွန်သူများအတွက် အပြစ်ဒဏ်ကိုမူ ဖော်ပြမထား

တမန်တော်မုဟမ္မဒ်ကို မက္ကာသားမယုံကြည်သူတွေနဲ့ အယောင်ဆောင်မွတ်စလင်မ်တွေက စော်ကားပျက်ရယ်ပြုတာတွေ အများအပြားလုပ်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်တွေကို ကုရ်အာန်ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျူးလွန်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ကိုတော့ ဖော်ပြထားခြင်းမရှိပါ။ ဥပမာ - “ဧကန်စင်စစ် အလ္လာဟ်နှင့်ထှိ အရှင်မြတ်၏တမန်တော် ကို ဒုက္ခပေးသူတို့အား အလ္လာဟ်သည် ယင်းတို့အား ဤလော ကီ၌လည်းကောင်း၊ နောင်တမလွန်၌လည်းကောင်း ကရုဏာတော်မှကင်းဝေးစေခြင်း ‘လာ့အ်နတ်’ ပြုတော်မူ၏။ ထို့ပြင် အရှင်မြတ်သည် ထိုသူတို့အတွက် ဂုဏ်သရေယုတ်လျော့စေ သောပြစ်ဒဏ်ကို စီမံထားတော်မူ၏။” (ကုရ်အာန် အခန်းအမှတ် ၃၃၊ မုက္ခပါတ်အမှတ်စဉ် ၅၈) ဒီမုက္ခပါတ်တော်အရ ဘုရားရှင်နဲ့ သူ့ရဲ့တမန်တော်ကို စော်ကားပျက်ရယ်ပြုသူအတွက် အပြစ်ဒဏ်ကို ဘုရားကသာ စီရင်တော်မူပိုင်ခွင့် ရှိပါတယ်။ ဘုရားက ပျက်ရယ်ပြုစော်ကားသူ ကို ဒီလောကီဘ၀မှာ အပြစ်ပေးမှာလား၊ နောင်တမလွန်မှ အပြစ်ပေးမှာလားဆိုတာကလည်း ဘုရားရှင်ရဲ့ ထံတော်ပါးမှာသာ တည်မှီနေပါတယ်။ သာသနာရေးဆိုင်ရာ အသရေဖျက်မှု ကျူးလွန်သူကို စီရင်ဆုံးဖြတ်အပြစ်ပေးပိုင်ခွင့်အာဏာဟာ ဘယ်လူသားတစ်ဦးဆီကိုမှ အပ်နှင်းခံထားရခြင်း မရှိပါ။ တမန်တော်မုဟမ္မဒ်ထံမှာတောင် အဲဒီအာဏာမရှိဘဲ အလ္လာဟ်ဘုရားရှင်ထံတော်ပါးမှာသာ ရှိပါတယ်။

ကုရ်အာန် အခန်းအမှတ်၂၁၊ မုက္ခပါတ်အမှတ်စဉ် ၃၇ မှာလည်း တမန်တော်မုဟမ္မဒ်ကို၊ မယုံကြည်သူတွေက ပျက်လုံးထုတ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ ၁၅း၇ မှာတော့ တမန်တော်မုဟမ္မဒ်ကို မယုံကြည်သူတွေက ‘စိတ်မနှံ့သူ ၊ အရူး’ ဆိုပြီး ခေါ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၃း၇၁ တမန်တော်မုဟမ္မဒ်ကို သူရူးအဖြစ်စွပ်စွဲခဲ့ကြတဲ့အကြောင်း တွေ့ရပြန်ပါတယ်။ ၁၇း၄၈ မှာတော့ တမန်တော်မုဟမ္မဒ်ကို ပြုစားခြင်းခံထားရသူဆိုပြီး မယုံကြည်သူတွေက ကဲ့ရဲ့ပြစ်တင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၃၅း၂၆ မှာတော့ လူလိမ်ဆိုပြီး ခေါ်ခဲ့ကြကြောင်း တွေ့ရပါတယ်။ ၁၆း၂၅ မှာတော့ မယုံကြည်သူတွေက ကုရ်အာန်ကျမ်းစာကို အတိတ်ဟောင်းက ပုံပြင်တွေ စုစည်းထားတဲ့ စာအုပ်ဟောင်းကြီးပါလို့ သမုတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စိတ်ရှုပ်ထွေးဖိစီးမှုတွေကြောင့် မက်တဲ့အိပ်မက်တွေကို ဖော်ပြထားတဲ့ကျမ်း၊ မုဟမ္မဒ်က သာမာန်ရိုးကျ လင်္ကာစပ်သူတစ်ဦးဖြစ်တယ်လို့ မယုံကြည်သူများက စွပ်စွဲခဲ့ပါတယ် (၂၁း၆) ၊ မုဟမ္မဒ်ကို လီဆယ်ဖန်တီးသူလို့ ခေါ်ခဲ့ကြပါတယ် (၁၆း၁၀၂) ၊ မယုံကြည်သူတွေက ကုရ်အာန်ဖတ်တဲ့အခါ နားထောင်တာမျိုး မလုပ်ဖို့ ၊ အသံဆူဆူညံညံလုပ်ပြီး ပျက်ရယ်ပြုဖို့ လှုံဆော်ခဲ့ကြပါတယ် (၄၁း၂၇) ၊ မယုံကြည်သူတွေက ကုရ်အာန်ကျမ်းစာကို အပိုင်းပိုင်းဖြစ်အောင် ဆွဲစုတ်ပစ်ခဲ့ကြဖူးပါတယ် (၁၅း၉၂)။

တမန်တော်မုဟမ္မဒ်ကို ပျက်ရယ်ပြု စော်ကားခဲ့ကြတဲ့ အချက်တွေဟာ မရေမတွက်နိုင်အောင်များပြားပါတယ်။ သို့သော် အလ္လာဟ်အရှင်က လှောင်ပြောင်စော်ကား ပျက်ရယ်ပြုသူတွေကို အပြစ်ပေးဖို့ မဆိုထားဘဲ အလ္လာဟ်အရှင်ကသာ အဲဒီသူတွေရဲ့ ရန်ကနေ အကာအကွယ်ပေးနိုင်မယ့် အလုံလောက်ဆုံးသော သူဖြစ်တယ်ဆိုပြီး (ကုရ်အာန်ကျမ်းစာ အခန်းအမှတ် ၁၅၊  မုက္ခပါတ်အမှတ်စဉ် ၉၆) သိရှိလေ့လာနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကို လှောင်ပြောင်စော်ကားသူတွေ အတွက် ဘုရားရှင်တစ်ပါးတည်းကသာ စီမံဆောင်ရွက်ဖို့ရာ လုံလောက်တဲ့ စွမ်းပကားဖြစ်ပါတယ်။ လှောင်ပြောင်စော်ကားသူနဲ့ အဆုံးအဖြတ်ပေးမယ့် ဘုရားရှင်တို့အကြား တမန်တော်မုဟမ္မဒ်ပဲဖြစ်ဖြစ်၊ ကုရ်အာန်ကျမ်းစာလာ ဥပဒေအဆုံးအဖြတ် တစ်ခုခုကပဲဖြစ်ဖြစ် ကြားဝင်ဖြေရှင်းပေးဖို့ အခွင့်ပြုထားခြင်း မရှိပါ။

“ (ကာဖဲရ်) မယုံကြည်ငြင်းပယ်သူများနှင့် (မိုနာဖစ်) ယုံကြည်ဟန်ဆောင်သူများကို မနာခံလင့်၊ ထို့ပြင် ယင်းတို့၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပြောစကားများကို မျက်ကွယ်ပြုထားပါလေ။ အလ္လာဟ်အားသာ လျှင် ယုံပုံလွှဲအပ်မှုပြုပါလေ။ စင်စစ် အလ္လာဟ်သည်ပင် အကြောင်းကိစ္စဟူသမျှကို စီမံစောင့်ကြပ်တော်မူသောအရှင် အဖြစ် လုံလောက်တော်မူ၏။” (ကုရ်အာန်ကျမ်းစာ ၊ အခန်း ၃၃ ၊ မုက္ခပါတ်အမှတ်စဉ် ၄၉ )

“၄င်းတို့၏ (ပျက်ရယ်ပြု) ပြောစကားများကို သည်းခံခြင်းတရားဖြင့် ကြံ့ကြံ့ခံရပ်တည်ပါလေ။” (ကုရ်အာန်ကျမ်းစာ ၊ အခန်း ၂၀ ၊ မုက္ခပါတ်အမှတ်စဉ် ၁၃၁)

ပျက်ရယ်ပြုလှောင်ပြောင်နေသူတွေကို ပြန်လည်လက်တုန့်ပြန်ဖို့ ခွင့်ပြုထားခြင်း မရှိပါ။ အဲဒီလို လှောင်ပြောင်နေသူတွေက သူတို့ရဲ့ လုပ်ရပ်ကို ရပ်တန့်သွားတဲ့အထိ သူတို့နဲ့ အပေါင်းအဖော်မလုပ်ဖို့ကိုသာ ညွှန်ကြားထားပါတယ်။

“ပြောင်လှောင်ပြက်ရယ်မှု ပြုနေ ကြသည်ကိုလည်းကောင်း ကြားကြရလျှင်၊ ထိုသူတို့သည် ယင်းမှလွဲ၍ အခြားသောစကားကို မနစ်မွန်းလေသမျှကာလ ပတ်လုံး ထိုသူတို့ထံတွင် မထိုင်ကြလင့်။”  (ကုရ်အာန်ကျမ်းစာ၊ အခန်း ၄ ၊ မုက္ခပါတ်အမှတ်စဉ် ၁၄၁)

အစ္စလာမ်မတိုင်မီ ပေါ်ထွန်းခဲ့သော သာသနာများတွင် ဘာသာရေးစော်ကားပျက်ရယ်ပြုမှုများအား မည်သို့ ရှုမြင်ထားပါသနည်း

ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ အစ္စလာမ်သာသနာမှာ သာသနာရေးဆိုင်ရာ စော်ကားပျက်ရယ်ပြုမှုတွေအတွက် အပြစ်ဒဏ်ပြဌာန်းသတ်မှတ်ထားခြင်း မရှိပါ။ သာသနာရေးဆိုင်ရာ ပျက်ရယ်ပြုစော်ကားမှုတွေကို အပြစ်ပေးရမယ်ဆိုတဲ့အယူအဆကတော့ အစ္စလာမ်သာသနာမပေါ်ထွန်းမီ အလယ်ခေတ်ကာလမှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဥပမာအချို့ကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

ယဟူဒီဘာသာ - ထာဝရဘုရား၏နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည်၊ ထိုသူကို အမှန်ကျောက်ခဲနှင့်ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။ (၀တ်ပြုရာကျမ်း ၊ အခန်းကြီး ၂၄ ၊အခန်းငယ် ၁၆)

သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ (ထွက်မြောက်ရာကျမ်း၊ အခန်းကြီး ၂၀ ၊အခန်းငယ် ၇)

ယဟူဒီဘာသာဝင်တွေဟာ ခရစ်ယာန်တွေကို နှစ်ပေါင်း ၃၀၀ ခန့်တိုင်၊ အယူမှားသူတွေ ၊ သာသနာကို စော်ကားပျက်ရယ်ပြုသူတွေလို့သတ်မှတ်ပြီး ညှဉ်းပမ်းနှိပ်စက်ခဲ့ကြပါတယ်။

ခရစ်ယာန်သာသနာ - ဓမ္မသစ်ကျမ်းမှာတော့ အခုလို တွေ့ရပါတယ်။

ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့်လွတ် စေခြင်း အခွင့်ကို လူတို့သည်ရနိုင်ကြ၏။ ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။
လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏ အပြစ်ကိုလည်းလွှတ်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မှား သောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌မလွှတ်နိုင်။ (ရှင်မဿဲ ခရစ်ဝင် ၊ အခန်းကြီး ၁၂ ၊ အခန်းငယ် ၃၁ မှ ၃၂ ထိ)

ခရစ်ယာန်သာသနာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပျက်ရယ်ပြုမှသာ အပြစ်ပေးအရေးယူဖို့ ဖော်ပြထားပြီး ဘုရား (God) နဲ့ သားတော် (Son of God) တို့ကို ပျက်ရယ်ပြုစော်ကားရင်တော့ အပြစ်ပေးဖို့ရာ ဖော်ပြထားတာ မတွေ့ရပါ။

ကက်သလစ်ခရစ်ယာန်များဟာ ပရိုတက်စတင့်ခရစ်ယာန်ထောင်ပေါင်းများစွာကို သာသနာရေးဆိုင်ရာ စော်ကားပျက်ရယ်ပြုမှုဆိုတဲ့ ပုဒ်မနဲ့ သတ်ဖြတ်ပြစ်ခဲ့ကြဖူးပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး သီးသန့်စီဖြစ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေ၊ မတူညီတဲ့လူတွေ အတူယှဉ်တွဲနေထိုင်နိုင်ရေးစတဲ့သဘောတရားတွေ ထွန်းကားလာတော့မှပဲ အဲဒီလို လူသတ်မှုတွေ ပပျောက်ခဲ့ပါတယ်။

ဟိန္ဒူ - အကယ်၍ သုဒြာဆိုတဲ့ ဇတ်နိမ့် တစ်ယောက်ဟာ ဝေဒကျမ်းစာကို ဖတ်ခဲ့ရင် ဒါဟာ ကြီးမားတဲ့ ဘာသာရေးဆိုင်ရာ စော်ကားမှုလို့ သတ်မှတ်ပါတယ်။ အဲဒီအမှု ကျူးလွန်သူကို ပြင်းပြင်းထန်ထန်အရေးယူပါတယ်။ ဟိန္ဒူဘာသာရေး အကြီးအကဲ ဂေါ်တမဟာရိရှီက “အကယ်၍ သုဒြာဇတ်နိမ့်က ဝေဒကျမ်းစာ ဖတ်တာကို ကြားခဲ့ရရင် သူ့နားထဲကို သံနဲ့ ဖယောင်းရေပူကို လောင်းထည့်အပြစ်ပေးရမယ်၊ အပြစ်ပေးတဲ့တာဝန်ကို ဘုရင်က ယူရမယ်။ အကယ်၍ သုဒြဇတ်နိမ့်က ဝေဒကျမ်းကို ဖတ်ဖို့ ပြင်ဆင်ခဲ့ရင် ဘုရင်က သူ့လျှာကို ဖြတ်ပြစ်ရမယ်၊ သူ့ခန္ဓာကိုယ်ကိုလည်း ဖြတ်ပြစ်ရမယ်။” ဆိုပြီး ရေးသားခဲ့ပါတယ်။ (ဂေါ်တမ သမာတိ ၊ ၁၂ ။ )

အကယ်၍ သုဒြဇတ်နိမ့်က ပန်ဒစ်တစ်ယောက်ကို စော်ကားခဲ့ရင် ဘုရင်က သူ့ကို သေဒဏ်ပေးတာမျိုးမလုပ်ဘဲ ၊ ခန္ဓာကိုယ်ကို ပြင်းပျစွာနာကျင်စေမယ့် အပြစ်ဒဏ်မျိုးကို ပေးရမယ်။ (မာန သမာတိ ၉း၂၄၈)

အစွန်းရောက်သူများက အစ္စလာမ်ကို  ဤသို့ဖွင့်ဆိုသည်

ပါကစ္စတန်နိုင်ငံကို ဥပမာကြည့်ကြရအောင်။ ဘာသာရေးဆိုင်ရာစော်ကားမှုကို ပုဒ်မ ၂၉၅ (ဂ) အရ အမှုဖွင့်ပြီး သေဒဏ်ချမှတ်နိုင်ပါတယ်။

တမန်တော်မုဟမ္မဒ်ကို စော်ကားပျက်ရယ်ပြုပြောဆိုမယ်၊ စော်ကားရှုံ့ချ ရေးသားတာမျိုးလုပ်မယ်ဆိုရင် သေဒဏ်ဒါမှမဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ်တွေချမှတ်ဖို့ကို ပုဒ်မ ၂၉၅ (ဂ) က ပြဌာန်းပေးပါတယ်။

၁၉၈၇ မှာ   နိုင်ငံတော် ရှရီယာတရားရုံးက ဘာသာရေးဆိုင်ရာစော်ကားပျက်ရယ်ပြုမှုအတွက် သေဒဏ်ကလွဲပြီး တခြားအပြစ်ဒဏ်ချမှတ်လို့မရဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ အစားထိုးအပြစ်ဒဏ်တွေဖြစ်တဲ့ တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ်တွေကို ပယ်ဖျက်ပြီး ဘာသာရေးစော်ကားမှုအတွက် သေဒဏ်တစ်ခုတည်းကိုသာ သတ်မှတ်ခဲ့ပါတယ်။

ပုဒ်မ ၁၉၅ (ဂ) မှာ အပြစ်ဒဏ်က ဘယ်ပုံဘယ်နည်းဖြစ်ရမယ်ဆိုပြီး အသေအချာပြဌာန်းထားတာမျိုး မဟုတ်ပါ။ ဒါကြောင့် တစ်စုံတစ်ယောက်ဟာ သူကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့တယ်၊  မကျူးလွန်ခဲ့ဘူးဆိုတာသိရဖို့ ရှရီယာတရားသူကြီးရဲ့ နုတ်ထွက်စကားကိုသာ ငံ့လင့်ရပါတော့တယ်။

တမန်တော်မုဟမ္မဒ်ကို စော်ကားပျက်ရယ်ပြုသူဟာ ပါကစ္စတန်ရှရီယာဥပဒေအရ အလိုအလျောက် ဘာသာပျက်သွားသူအဖြစ် စာရင်းသွင်းခံရပါတယ်။ ဘာသာပျက်သွားသူအတွက် ပါကစ္စတန်ရှရီယာဥပဒေက သေဒဏ်ကို ပြဌာန်းထားပါတယ်။

သို့သော် ကုရ်အာန်အရ ဘာသာရေးစော်ကားပြောလိုက်တာနဲ့ပဲ ဘာသာပျက် (မုရ်တားဒ်) ဖြစ်သွားတယ်လို့ မသတ်မှတ်နိုင်ပါ။ မဒီနာမြို့မှာ မုနာဖိက် (မွတ်စလင်မ်အဖြစ် အယောင်ဆောင်နေကြသူများ) တွေက တမန်တော် မုဟမ္မဒ်ကို မလေးမစားလုပ်တာတွေ၊ စော်ကားပျက်ရယ်ပြုတာတွေကို အများအပြားပြုလုပ်ခဲ့ကြပေမယ့်၊ သူတို့ကို အစ္စလာမ်သာသနာရဲ့အပြင်ဘက်က လူတွေလို့ သတ်မှတ်ပြီး အုပ်စုခွဲထုတ်ပစ်ခဲ့တာမျိုး မရှိခဲ့သလို၊ ဘာသာပျက်သွားပြီဆိုပြီး သတ်ဖြတ်ခဲ့ခြင်းလည်း မရှိခဲ့ပါ။ (ကုရ်အာန် ၉း၆၄ ၊ ၃း၁၅၅ ၊ ၃း၁၆၈ ၊ ၄း၆၂ မှ ၆၄ ၊ ၆၃း၉  ၊ ၄း၁၄၃ မှ ၁၄၇ ၊ ၄၇း၁၇ ရှု )

ဒါ့အပြင် ဘာသာပျက်သွားသူကို သေဒဏ်ပေးရမယ်လို့လည်း ကုရ်အာန်က သတ်မှတ်ပြဌာန်းထားတာမျိုး မရှိပါ။ အသေးစိတ်ကို မိုးမခ အွန်လိုင်းမီဒီယာမှာ နိုဝင်ဘာ ၂၈ ၊ ၂၀၁၅ နေ့စွဲနဲ့ ဖော်ပြခဲ့တဲ့ '' ဘာသာပြောင်းသူတွေကို သေဒဏ်ပေးဖို့ အစ္စလာမ်က သတ်မှတ်ပြဌာန်းထားပါသလား'' ခေါင်းစဉ်ပါ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

 

ဘာသာရေးဆိုင်ရာစော်ကားပျက်ရယ်ပြုခြင်းအတွက် ဥပဒေပြဌာန်းအပြစ်ပေးခြင်းသည် တမန်တော် မုဟမ္မဒ်၏ ကျင့်ထုံးအစဉ်အလာမဟုတ်ပေ

 

တမန်တော်မုဟမ္မဒ်ဟာ သူ့ရဲ့ အဆိုးရွားဆုံးရန်သူတွေကိုတောင် ခွင့်လွှတ်ခဲ့ပါတယ်။ ဥပမာတွေကို ကြည့်ကြပါမယ်။

 

(၁) မဒီနာမြို့က မွတ်စလင်မ်အယောင်ဆောင် မုနာဖိက်ခေါင်းဆောင် အဗ္ဗဒွလ္လာဘင် အိုဘိုင်းဟာ သူ့ကိုယ်သူ ဘုန်းတန်ခိုးအာနုဘော်အကြီးဆုံးလို့ ခေါ်ဝေါ်ခဲ့ပြီး တမန်တော်မုဟမ္မဒ်ကိုတော့ အစဉ်းလဲဆုံးသော လူသားဆိုပြီး သမုတ်ခဲ့ပါတယ်။ (ကုရ်အာန် ၆၃း၉  ရှု) အဗ္ဗဒွလ္လာဘင် အိုဘိုင်းကို ဘယ်သူကမှ အပြစ်ပေးအရေးယူခဲ့တာမျိုး မလုပ်ခဲ့ပါတယ်။ မဒီနာမှာပဲ သေဆုံးတဲ့အထိ ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရခဲ့ပါတယ်။ တမန်တော်မုဟမ္မဒ်က သူ့ကို ဘာသာပျက်သွားသူလို့ မကြေညာခဲ့တဲ့အပြင် သူ့အတွက် ဈာပန၀တ်ပြုဆုတောင်းမှုကိုတောင် ဦးဆောင်ဝတ်ပြုပေးခဲ့ပါတယ်။

 

(၂) မက္ကာကို ပြန်လည်အောင်နိုင်ခဲ့အပြီး တမန်တော်မုဟမ္မဒ်ဟာ သူ့ကို ‘ဆာဟီးရ် (အောက်လမ်းဆရာ)’ ၊ ‘မက်ဂ်ျနူးန် (သူရူး)’ ၊ ‘မုဖ်တားရ် (အယောင်ဆောင် လူလိမ်)’ ၊ ‘မက်ဆ်ဟူးရ် (ပြုစားခံထားရသူ)’၊ ကုရ်အာန်ကျမ်းသည် ‘အဆားတီရုလ် အောင်ဝါလီးန် (သူအိုကြီးတစ်ယောက်၏ ပုံပြင်များ)’ (ကုရ်အာန်ကျမ်း ၅၁း၅၂ ၊၁၅း၆ ၊ ၁၆း၁၀၁ ၊ ၁၇း၄၇ စသည်တွင်ရှု) စသဖြင့် ခေါ်ဝေါ်သမုတ်ခဲ့သူတွေကို ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

 

(၃) မက္ကာခေါင်းဆောင်နဲ့ တမန်တော်မုဟမ္မဒ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲပေါင်းများစွာမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ အဘူစွဖ်ယားန်ဆိုသူကို ချွင်းချက်မရှိ ခွင့်လွှတ်ခဲ့တယ်။ တမန်တော်မုဟမ္မဒ်ရဲ့ ဦးရီးတော် ဟမ်ဇသခင်ကို သတ်ခဲ့သူ ၀ါရှီဆိုသူကိုလည်း ချွင်းချက်မရှိ ခွင့်လွှတ်ခဲ့ပါတယ်။

 

(၄) ဟမ်ဇသခင်ရဲ့ အသည်းကို ထုတ်ပြီး အစိမ်းလိုက်ဝါးပြခဲ့သူ အဘူစွဖ်ယာန်းရဲ့ဇနီး ဟင်းဒါကိုလည်း ချွင်းချက်မရှိ အခွင့်လွှတ်ခဲ့ပါတယ်။

 

(၅) တမန်တော်မုဟမ္မဒ်ဟာ မိမိသမီးတော် ကိုယ်ဝန်ဆောင် ဇိုင်နက်ဘ်သခင်မကို သတ်ပြစ်ခဲ့တဲ့ ဟဘ်ဘားရ်ဆိုသူကိုလည်း ချွင်းချက်မရှိ အခွင့်လွှတ်ခဲ့ပါတယ်။

 

တမန်တော်မုဟမ္မဒ်ရဲ့ ဘ၀မှတော့ သူ့ရဲ့ အဆိုးဆုံးရန်သူတွေကို အခွင့်လွှတ်ဥပက္ခာပြုတဲ့ စံနမူနာတွေနဲ့ ပြည့်လျက်ရှိပါတယ်။ လူသားအားလုံးအထဲမှာ မေတ္တာဂရုဏာရှိဆုံးလူသားဟာဆိုရင် တမန်တော်မုဟမ္မဒ်သာ ဖြစ်ပါတယ်။ “သို့ဖြစ်ရာ အလ္လာဟ်၏အထူးကရုဏာတော်ကြောင့် သာ အသင်သည် သူတို့အတွက် နူးညံ့သွားခဲ့ပေသည်။” (ကုရ်အာန်ကျမ်းစာ အခန်း ၃ ၊ မုက္ခပါတ်အမှတ်စဉ် ၁၆၀) အရ တမန်တော်မုဟမ္မဒ်ဟာ အခြားသူတွေအတွက် နူးညံ့ပျော့ပြောင်းသူလို့ သိရပါတယ်။ တကယ်လက်တွေ့အရလည်း နူးညံ့ပျော့ပြောင်းသူ ဖြစ်ပါတယ်။ ဒီလိုစံနမူနာပေါင်း မြောက်မြားစွာရှိနေသည့်တိုင် တမန်တော်မုဟမ္မဒ်ရဲ့ ကျင့်ထုံးတွေကို မျက်ကွယ်ပြုပြီး လူတွေအပေါ် ကန့်သတ်ချုပ်ခြယ် အပြစ်ဒဏ်ပေးတာဟာ မကောင်းမှု ဒုစရိုက်တမျိုးသာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

 

မှတ်ချက် ။ ။ မွတ်စလင်မ်များသည် တမန်တော်မုဟမ္မဒ်၏ အမည်နာမဖော်ပြပါရှိတိုင်း ‘ဆွလ္လာလ်လားဟို့ အလိုင်းဟေ့ဝဆလာမ်’ ဆိုပြီး မေတ္တာပို့ဆုတောင်းကြပါသည်။ အခြားတမန်တော်များ၏ အမည်နာမဖော်ပြပါရှိတိုင်း ‘အလိုင်စလာမ်’ ဟု မေတ္တာပို့ဆုတောင်းကြပါသည်။  


Read more ...

Monday, March 14, 2016

Why this term?

U Htin Kyaw, a longtime confidant of Daw Aung San Suu Kyi was made known on Thursday as one of the three candidates, to become Myanmar’s next president.  

Albeit a low profile player, U Htin Kyaw is a graduate majored in Computer Science from University of London and also an author under the pen name ‘Dalaban’, named after a famous Mon ethnic warrior. His father was a national poet and an NLD lawmaker from 1990 election nullified by the junta while his wife is a MP representing Thongwa Township in Yangon region.

U Htin Kyaw’s nomination was, however, a sudden push into the spotlight. He was tipped to be president by many locals but hardly by any international analyst.  While international reporters reacted swiftly to provide full details on U Htin Kyaw, the absence of an immediate official press release by NLD and inadequate coverage from the local press have led the international press like AFP to assert the word ‘Ex-driver of Daw Su’ as a trait of U Htin Kyaw which was very vexed by the locals.  

The enragement of NLD’s supporters was further fuelled by the condescending sneers and vulgarisms of the hard oppositions expressed substantially on social media.

Egregious usage of the word ‘driver’, in the eyes of NLD supporters, was cooked up by an AFP Reporter, which made AFP probably the first and one of the outlets in initiating the ‘driver’ angle, while CNN has made its worst flawed coverage ever on NLD’s nominees.

Even so this headline of AFP made its sense of using ‘ex-driver’, another article by AFP headlined with ‘Suu Kyi’s former driver nominated for Myanmar president’ by the reporter, Hla-Hla-Htay took inauspicious failure to the claim of her colleague, Jerome Taylor (@JeromeTaylor), who insisted the usage was not an insult to U Htin Kyaw.

Jerome said in his other tweets that AFP stood firm with its standard and even sought independent confirmation on the Oxon degree of U Htin Kyaw, which had not been verified at that point in time although numerous outlets reported in U Htin Kyaw’s biography. In another tweet, Jerome explained his insistence of the apt usage of the term, driver in his own words as ‘The driver line is a nice way to illustrate how Suu Kyi has chosen an inner circle, close confidante to be her proxy.’

However, he has yet to explain whether AFP has done their part to verify the profession of U Htin Kyaw as a full-time chauffeur of Daw Aung San Suu Kyi. Even though the intention can be considered ‘genuine’, there was an account where Daw Aung San Suu Kyi’s chef, U Myint Soe has answered to Irrawaddy Press that U Htin Kyaw had never been employed or appointed as Daw Aung San Suu Kyi’s chauffeur.

The AFP’s amendment of the headline of this article appeared on Yahoo News was also questionable as it seemed that AFP is reacting to public criticism.

AFP's article before the headline was amended

Along the way the most unpleasant thing for NLD’s supporters is that their haters took the term ‘driver’ as a trait of NLD’s presidential nominee, while the emergence is being considered by NLD’s supporters, as an answer to their long-awaited question of who will be the next able-body after Daw Aung San Suu Kyi.

It is astonishing that why AFP chose the term ‘driver’ to illustrate U Htin Kyaw’s closeness to Daw Aung San Suu Kyi though the capabilities of AFP’s journalists are unquestionable since they have journalists like Jerome, an Oxford graduate with decent beard. 


Read more ...