Wednesday, November 30, 2011

ပုရွက်ဆိတ်အခြေခံ လုံခြုံရေးစနစ်


ကွန်ပျူတာနက်ဝေါ့ခ်ကွန်ယက်တွေဆီ တရားမဝင်ထိုးဖောက်ဝင်ရောက်သူတွေအန္တရာယ်ကို ကာကွယ်ဖို့ စစ်ဆင်ရေးကတော့ အဆုံးရှိမယ်မဟုတ်ပါ။ ဘဘာ၀ရဲ့ အဖန်းဆင်ခံတွေထဲက စစ်ဆင်ရေးစိတ်ဓာတ်မြင့်လှတဲ့ ပုရွက်ဆိတ်တွေကို ဥပမာထားပြီး ဗိုင်းရက်စ်တိုက်ဖျက်ရေးဆော့ဖ်ဝဲတစ်ခု ဖန်တီးလိုက်ပါပြီ။

နေ့စဉ်သုံး ကွန်ပျူတာလုံခြုံရေးပစ္စည်းကိရိယာများကတော့ တစ်နေရာထဲမှာပဲနေပြီး ဝင်ရောက်လာမယ့် အနှောင့်အယှက်တွေကို ဖမ်းဆီးပေးပါတယ်။ ယခု ပုရွက်ဆိတ်အခြေခံ လုံခြုံရေးစနစ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ 

ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်များဟာ တစ်နေရာထဲမှာ အငြိမ်နေနေမှာ မဟုတ်ပဲ ကွန်ပျူတာကွန်ယက်စနစ်ကြီးတစ်ခုလုံးကို ပတ်လည်နှံ့ အောင် လည်ပတ်ပြီး “computer worms” လို့ခေါ်တဲ့ အရေးကြီး သတင်းအချက်အလက်များခိုးယူမယ့် ပရိုဂရမ် သို့မဟုတ် မိမိ ကွန်ပျူတာကို တရားမဝင်သုံးစွဲနိုင်မယ့် နည်းစနစ်တွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိပြီဆိုတာနဲ့ ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်က တခြားပုရွက်ဆိတ်တပ်သားတွေအားလုံး ပြဿနာဖြစ်ပွားနေတဲ့ နေရာဆီ ချက်ချင်းရောက်လာစေဖို့ ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ အဲဒီလိုပုရွက်ဆိတ်တပ်သားတွေကို အခင်းဖြစ်ပွားတဲ့နေရာဆီ အမြန် ဆွဲဆောင်ပေးယုံတင်မက ကွန်ပျူတာသုံးစွဲသူကိုလည်း ချက်ချင်းစုံစမ်းစစ်ဆေးနိုင်အောင် သတိပေး နှိုးဆော်ပါတော့တယ်။ 

ဒီဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်သုံး လုံခြုံရေးစနစ်ကိုတော့ “swarm intelligence” ၊ စုံစမ်းထောက်လှမ်းရေး အင်းဆက်တပ်မဟာလို့ အမည်ပေးထားပါတယ်။ ကွန်ပျူတာကွန်ယက်စနစ်လုံခြုံရေးမှာ ဆရာတစ်ဆူလည်းဖြစ်၊ ကွန်ပျူတာသိပ္ပံပရောဖက်ဆာလည်းဖြစ်တဲ့ အာရင်ဖဲလ်ပ်က သဘာ၀မှာ ပုရွက်ဆိတ်တွေဟာ ခြိမ်းခြောက်လာတဲ့ရန်သူကို အလွန်အောင်မြင်စွာတားဆီးနိုင်တယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်၊ သူတို့တွေဟာ ကာကွယ်ရေးအတွက် အလျင်အမြန်စုစည်းနိုင်ကြသလို တရားမဝင်ချဉ်းနင်းလာတဲ့သူကိုတားဆီးပြီးတာနဲ့ ပြုပြင်မွမ်းမံရေးတွေကိုလည်း ချက်ချင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ကလည်း ကွန်ပျူတာစနစ်လုံခြုံရေးအတွက်အဲဒီအတိုင်းလိုက်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေတာပါလို့ ပြောပါတယ်။ 

Pacific Northwest National Laboratory (PNNL) ရဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဂလန်းဖင့်ခ်က ပုရွက်ဆိတ်တပ်မဟာစနစ်ကို parallel processing ခေါ် ကွန်ပျူတာအချက်အလက်များကို အုပ်စုလိုက်ခွဲခြားပြီး အန္တရာယ်ဝင်ရောက်နေမှုရှိမရှိ စစ်ဆေးမှုပေါ်အခြေခံကာ ဆိုင်ဘာလုံခြုံရေးစနစ်သစ်ကို တီထွင်ကြံဆနေပါတယ်။


"ကျွန်တော်တို့ရဲ့ အကြံကတော့ ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ် ၃၀၀၀ လောက်ကို ကွန်ယက်ထဲဖြန့်ကျက်ပြီး အန္တရာယ်ရှိမရှိစုံစမ်းခိုင်းမှာဖြစ်ပါတယ်၊ သူတို့တွေ ကွန်ယက်ထဲလှည့်ပတ်နေရင်းနဲ့ မသင်္ကာဖွယ်တစ်ခုခုတွေ့ရှိပြီဆိုတာနဲ့ ဒီဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်တွေဟာ တကယ့်ပုရွက်ဆိတ်တွေလုပ်လေ့ရှိတဲ့အတိုင်း တခြားနေရာက ပုရွက်ဆိတ်တွေ အန္တရာယ်ဇုန်ကို ရောက်လာနိုင်ဖို့အတွက် အနံ့အသက်တစ်ခုခုဖြစ်အောင် ဖန်တီးဆောင်ရွက်သလိုမျိုး ဆောင်ရွက်မှာပါ။ ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်တစ်ကောင်ဟာ အန္တရာယ်တစ်ခုကို တွေ့ပြီဆိုရင် အနံ့ခပ်ပြင်းပြင်းတစ်ခုချန်ခဲ့ဖို့ ဖန်တီးထားပါတယ်။ ပိုပီးအနံ့ပြင်းလေလေ ပုရွက်ဆိတ်ခပ်များများကို ဆွဲဆောင်နိုင်လေလေဖြစ်ပြီး အဆုံးမှတော့ swarm ခေါ်ပုရွက်ဆိတ်အုံ့ကြီးဖြစ်ကာ ကွန်ပျူတာခံစားနေရတဲ့ ရောဂါကိုကုစားပေးပါတယ်" လို့ အာရင်ဖဲလ်ပ်က ဆိုပါတယ်။

ဒီနှစ်နွေမှာတော့ အာရင်ဖဲလ်ပ်က ကွန်ပျူတာကွန်ယက်ထဲ ဗိုင်းရပ်စ်ထည့်ပြီး ပုရွက်ဆိတ်တပ်မဟာစနစ်နဲ့ စုံစမ်းထောက်လှမ်းရာမှာ အောင်မြင်မှုရခဲ့တာကြောင့် PNNL အနေနဲ့ သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကွန်ပျူတာသုံးစွဲသူများအတွက်ကတော့ “swarm intelligence” ၊ စုံစမ်းထောက်လှမ်းရေး အင်းဆက်တပ်မဟာက မိမိတို့စက်ထဲမှာနေရာအတည်တကျယူပြီး နေထိုင်ဆောင်ရွက်ကြမှာလားဆိုတဲ့ စိုးရိမ်မှုမျိုး ရှိစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ “swarm intelligence” က sentinels လို့ခေါ်တဲ့ ဆော့ဖ်ဝဲတစ်မျိုးမှာ တွဲပါလာမှာဖြစ်ပြီး အဲဒီဆော့ဖ်ဝဲကိုပဲ ကွန်ယက်ပေါ်မှာရှိနေတဲ့ ကွန်ပျူတာတစ်လုံးချင်းစီအလိုက် ထည့်သွင်းထားရုံပါပဲ။ အဲဒီဆော့ဖ်ဝဲကနေတဆင့် တပ်မမှူး၊ ဆာဂျင်ဖြစ်တဲ့ ကွန်ပျူတာသုံးစွဲသူထံ ဗိုင်းယက်စ်များသတင်းကို ပေးပို့ပေးမှာဖြစ်ပါတယ်။

Science Daily မှ Ants Vs. Worms: New Computer Security Mimics Nature ကို မြန်မာမှုပြုပါသည်။
Read more ...

Monday, November 28, 2011

ကွယ်ပျောက်သွားနေကြတဲ့ ဘာသာစကားများ

ရက်သတ္တနှစ်ပတ်မှာတစ်ကြိမ်ကျ ဘာသာစကားတစ်ခုနိထိတံနေပါတယ်။ သက္ကရာဇ်၂၁၀၀မှာဆိုရင် တော့ကမ္ဘာ့ဘာသာစကားပေါင်း၇၀၀၀ထဲက တစ်ဝက်လောက်ဟာပျောက်ကွယ်သွားဖို့ရှိနေပြီး အဲဒီ ဘာသာစကားတွေထဲက အများစုကြီးကိုမှတ်တမ်းတစ်စုံတစ်ရာတောင်ပြုလုပ်ထားခြင်းမရှိနိုင်သေးပါ။ ဘာသာစကားတွေနဲ့အတူ သမိုင်း၊ ယဉ်ကျေးမှု၊ သဘာ၀ပတ်ဝန်းကျင်နဲ့ လူသားဦးနှောက်စတာတွေရဲ့ ကြွယ်၀တဲ့ဗဟုသုတကို တွေ့ရှိကြရပါတယ်။

နေရှင်နယ်ဂျီယိုဂရပ်ဖစ်ကတော့ Living Tongues Institute for Endangered Languages နဲ့ပူးပေါင်းပြီး Enduring Voices Project အားဖြင့် ပျောက်ကွယ်ဖို့အန္တရာယ်ရှိနေတဲ့ ဘာသာစကား များကိုထိန်းသိမ်းပေးနေပါတယ်။ အဲဒီလိုထိန်းသိမ်းတဲ့နေရာမှာ ပထမဦးဆုံး ဘာသာစကားများရဲ့ အရင်းအမြစ်ကျတဲ့ဒေသန္တရများကိုသတ်မှတ်ရပါတယ်။ အဲဒီဒေသများကတော့ကျွန်တော်တို့ ကမ္ဘာပေါ်ကတကယ့်ကိုအထီးတည်းဖြစ်နေပြီး လူသိနည်းလှတဲ့ဒေသတွေ၊ မူလအရင်းအမြစ် ကျတဲ့ ဘာသာ စကားများကိုပြောဆိုနေကျတဲ့နေရာတွေစသဖြင့်ပါဝင်ပြီး ဘာသာစကားတွေနဲ့ အတူယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကိုပါ မှတ်တမ်းပြုစုကြရပါတယ်။


ဘာကြောင့်အရေးကြီးသလဲ

ဘာသာစကားက သူ့ကိုပြောဆိုသုံးစွဲကြတဲ့လူတန်းစားနဲ့ သူ့ကိုပြောခြင်းကြောင့်ဘယ်လိုအခွင့်အရေး မျိုးကိုရရှိစေနိုင်မလဲစတဲ့ နည်းနာများကတစ်ဆင့် ယဉ်ကျေးမှုကိုပြဌာန်းပါတယ်။ စကားလုံးတွေက ယဉ်ကျေးမှုနဲ့အတွေးအခေါ်အယူအဆကို ပြဌာန်းတာ ကြောင့် ဘာသာစကားတစ်ခုရဲ့စကားလုံးများကို အခြားဘာသာစကားတစ်ခုနဲ့ အစားထိုးပြန်ဆိုနိုင်မယ်ဆိုရင်တောင် မူရင်းဘာသာ စကားအတိုင်းတော့အဓိပ္ပါယ်ခံစားရရှိစေနိုင်မယ်မဟုတ်ပါ။

ပျောက်ကွယ်ဖို့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ဘာသာစကားတွေထဲက အများစုကြီးထဲမှာတော့ ရိုးရာ ပုံပြင်တွေ၊ သီချင်းတွေနဲ့ မျိုးဆက်အလိုက်လက်ဆင့်ကမ်းလာတဲ့ သမိုင်းကြောင်းတွေပါဝင်ပြီး အဲဒါတွေကနေတဆင့် အာဝဇ္ဇာန်းယဉ်ကျေးမှုဆိုတဲ့ စကားပြောယဉ်ကျေးမှုကြီးများကို တွေ့ရမှာ ဖြစ်ပေမယ့် အဲဒီယဉ်ကျေးမှုများကိုတော့စာတစ်စောင်ပေတစ်ဖွဲ့ မှတ်တမ်း တင်ထားတာမျိုး ရှိမှာ မဟုတ်ပါ။ ဒါကြောင့်ဘာသာစကားတစ်ခုကွယ်ပြီဆိုတာနဲ့ ယဉ်ကျေးမှုကြီးတစ်ခုလုံးဆုံးရှုံးရမှာ ဖြစ်ပါတယ်။

သဘာ၀အရင်းအမြစ်တွေနဲ့ပတ်သတ်ပြီး လူတွေမှာရှိကြတဲ့အသိတွေထဲကအများစုကိုတော့စကား ပြောအားဖြင့်သာလျှင် ထိန်းသိမ်းထားကြတာဖြစ်ပါတယ်။ လူသားအရင်းအမြစ်မျိုးနွယ်တွေဟာ နှစ်ထောင်ပေါင်းများစွာမှာ မိမိတို့နေထိုင်ရာကုန်းမြေတွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေနဲ့ ဂေဟစနစ် တွေကို ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်းဆက်နွယ်ပတ်သတ်ခဲ့ကြပေမယ့် ပတ်သတ်မှု ကြောင့်ရရှိလာ တဲ့အသိပညာရပ်တွေကိုသိပ္ပံကတောင်တစ်စုံတစ်ရာမှတ်တမ်းတင်နိုင်ခြင်းမရှိ သေးတာမျိုး အများ ကြီးရှိ နေဆဲဖြစ်ပါတယ်။ ဒါကြောင့်မူလဘူတကျတဲ့ဘာသာစကားများ လေ့လာ ခြင်းကတော့သဘာ၀ ပတ်ဝန်းကျင်ကို နားလည်သဘော ပေါက်မှုနဲ့ ဘာသာစကား တာရှည်ခံနိုင်မှု တွေအတွက် အကျိုး ဖြစ်ထွန်းစေမှာပါ။

ဘာသာစကားအမျိုးမျိုးကိုလေ့လာခြင်းအားဖြင့် လူတွေဟာသူတို့အချင်းချင်းဘယ်လို ဆက်သွယ် ကြတယ်၊ ဗဟုသုတများကိုဘယ်လို သိုမှီးကြတယ်ဆိုတာတွေကိုပါ နားလည်နိုင်လာမှာဖြစ်ပါတယ်။ ဘာသာစကားတစ်ခု သေဆုံးသွားခြင်းကတော့ ကျွန်တော်တို့ ဦးနှောက်က ဘာတွေလုပ်နိုင်သလဲ ဆိုတဲ့ ပုံရိပ်ကားချပ်ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားတာနဲ့ တူတူပါပဲ။

ဘာသာစကားများ ပျောက်ကွယ်နေမှုပြ မြေပုံ


ဘာသာစကားတွေဘာကြောင့် နိထိတံနေကြတာလဲ

လူ့သမိုင်းကြောင်းအရ အင်အားကြီးမျိုးနွယ်စုများပြောဆိုတဲ့ ဘာသာစကားတစ်ခုပျံ့နှံ့လာပြီဆိုရင် အင်အားနည်းမျိုးနွယ်စုများရဲ့ ဘာသာစကားကတော့ အလိုလိုနေရင်းပျောက်ကွယ်သွားကြတာကို တွေ့ရပါတယ်။ ရုံးသုံးဘာသာ စကားဆိုတဲ့ နိုင်ငံအများစု မှာကျင့်သုံးတဲ့ပေါ်လစီကြောင့်လည်း လူနည်းစုပြောတဲ့ ဘာသာစကားတွေပျောက်ကွယ်တတ်ပါတယ်။ တော်ဝင်ဘာသာ စကားတစ်ခု ပြောဆိုနိုင်ခြင်းက မိမိရဲ့ဂုဏ်အဆင့်အတန်းပါမြင့်တတ်စေပါလားဆိုတဲ့ ဆွဲဆောင်မှုကြီးကြောင့် လည်းဖြစ်တတ် ပါတယ်။ ဒီဖြစ်စဉ်က ဥပမာတစ်ခုကိုထင်သာမြင်သာအောင်ရှင်းလင်းပြသနေပါ တယ်၊ ဘိုလီးဗီးယားဆိုတဲ့နိုင်ငံ ငယ်ကလေးဟာ ဥရောပတစ်တိုက်လုံးမှာပြောဆိုသုံးစွဲနေတဲ့ ဘာသာစကားအရည်အတွက်ထက် များပြားတဲ့ဘာသာစကား များကိုပိုင်ဆိုင်ထား ပါတယ်။ ကြီးမားတဲ့ နိုင်ငံများနဲ့ တောင်ဝင်စွမ်းအားစတဲ့ ရှည်လျားလှတဲ့သမိုင်းကြောင်း ရှိတဲ့ ဥရောပတိုက် ကတော့ ဘာသာစကားအရည်အတွက် နည်းပါးနေပါတယ်။

အရှိန်အဝါကြီးလှတဲ့ ဘာသာစကားတွေပျံ့နှံ့လာရင် ရပ်ရွာဒေသသုံးဘာသာစကားသေးသေးလေး တွေပြောဆိုကြတဲ့မိသားစုဖွား ကလေးများသည်ပင်လျှင်မိမိတို့ကိုလွှမ်းမိုးနိုင်တဲ့ ဘာသာစကားများ ဘက်အာရုံရောက်ပြီးအဲဒီဘာသာစကားတွေကို သင်ယူကြပါတယ်။ ဒါကလည်းကလေးများက မိမိတို့ဘိုးစဉ်ဘောင်ဆက်ပြောဆိုလာတဲ့ ဘာသာစကားများကိုဘယ်လိုသဘောထား သလဲဆိုတဲ့ အပေါ်မှာလဲမူတည်ပါတယ်။ ကလေးများကဘိုးစဉ်ဘောင်ဆက်ဘာသာစကားကိုအထင်သေး အမြင်သေးပြီးမသင်ယူ တော့ဘူးဆိုရင်တော့သူတို့တွေဟာဘိုးဘွားမိဘတွေရဲ့နေ့စဉ်သုံး ဘာသာ စကားကိုမေ့သွားကြမှာဖြစ်ပြီး အဆုံးမှာတော့ ဘာသာစကားတစ်ခုနိထိတံရပါတယ်။ ဒါမျိုးဖြစ်စဉ် က လူ့သမိုင်းကြောင်းမှာ ဖြစ်ပျက်နေခဲ့၊ နေဆဲပါ။ သို့ပေမယ့် လွန်ခဲ့တဲ့နှစ် များအလျင်ကစပြီး ဘာသာစကားများကွယ်ပျောက်မှုနှုံးဟာသိသိသာသာကြီးအရှိန်ပြင်းမြင့်တက်လာတာကို တွေ့ရှိရ ပါတယ်။



+ အရှေ့တောင်အာရှက ပျောက်ကွယ်လုဖြစ်နေတဲ့ ဘာသာစကားများ 



Credit goes to National Geographic - Enduring Voices Image is also the courtesy of nationalgeographic.com
Read more ...