Wednesday, January 4, 2012

ကောင်းကင်ထက်က ဂိုးတစ်ပေါက် - A Goal in the Sky

 
ဒီတစ်ခေါက်တော့  ပါစင်နယ်လတီတွေထဲက ရောဘတ်တိုဘက်ဂီယိုအကြောင်းပြောကြတာပေါ့။ မြန်မာပရိသတ်နဲ့မစိမ်းလှတဲ့ဘက်ဂီယိုကတော့အီတလီလက်ရွေးစင်ဘောလုံးသမားတစ်ယောက်ပါ။ ၁၉၆၇၊ ဖေဖော်ဝါရီ၁၈ မှာမွေးပါတယ်။ သူ့ခေတ်သူ့အခါတုန်းကတော့ အချွန်ဆုံးဘောလုံးသမား တွေထဲကတစ်ယောက်ဖြစ်တဲ့ဘက်ဂီယိုဟာ ဥရောပအကောင်းဆုံးဘောလုံးသမားဆုနဲ့ ၁၉၉၃၊ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုတွေအပြင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၃ ကြိမ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အီတလီကစားသမားဖြစ်ပါတယ်။ ဒါ့ပြင်အီတလီဘောလုံးလောကရဲ့ ထာ၀ရ ဂိုးသွင်းစံချိန်ရှင် ၅ ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာပရိသတ်တွေသူ့ကိုသတိထားမိခြင်းရဲ့အဓိကအကြောင်းကတော့ သူဟာဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လို့ပါပဲ။ ဒီဗိုင်းပိုနီတေးလ်၊ Divine Ponytail လို့လူသိများကြတဲ့ ဘက်ဂီယိုကတော့ အီတလီ စီးရီအေအသင်းတွေဖြစ်ကြတဲ့ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားစတဲ့ ကလပ်တွေမှာကစားဖူးပြီး သူနောက်ဆုံးကစားခဲ့တဲ့ ကလပ်ကတော့ ဘရက်စီးယားဖြစ်ပါတယ်။

၁၉၉၀ ကမ္ဘာ့ဖလား

၁၉၉၀ ကမ္ဘာ့ဖလားမှာ ဘက်ဂီယိုက အီတလီကိုယ်စားပြုပါဝင်လာပေမယ့် အရန်ကစားသမားအဖြစ် သာ ကစားခွင့်ရခဲ့ပါတယ်။ တောက်မယ့်မီးခဲတရဲရဲ ဘက်ဂီယိုကတော့ ကစားခွင့်ရတဲ့အချိန်တိုင်းမှာ သူ့အရည်အသွေးဘယ်လောက်ရှိသလဲဆိုတာပြသနိုင်ခဲ့ပြီး ချက်ကိုစလိုဗက်ကီးယားဘက် သွင်းယူခဲ့ တဲ့အဆင့်မြင့်ဂိုးကတော့ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ Goal of the tournament ဖြစ်ခဲ့ ပါတယ်။ အဲဒီကတည်းက ဘက်ဂီယိုဟာအီတလီအသင်းရဲ့ပင်တိုင်ပယ်နယ်တီကန်သွင်းသူအဖြစ်ထင်ရှားခဲ့ပါ တယ်။


​ကောင်းကင်ထက်က ဂိုးပေါက်တစ်ပေါက် (A Goal in the Sky)



မြန်မာပရိသတ်ရဲ့အသည်းထဲ စွဲနေအောင်ကျန်ရစ်ခဲ့မယ့် ရောဘတ်တိုဘက်ဂီယိုကတော့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ အီတလီအသင်းကို တစ်ကိုယ်တည်းဦးဆောင်ကာ ဖိုင်နယ်တက်စေခဲ့ပါတယ်။ မြင်းမြီး ဆံပင်ပုံစံနဲ့ဘက်ဂီယိုကတော့ ၁၉၉၄ကမ္ဘာ့ဖလား၁၆သင်းပတ်လည်ရှုံးထွက်အဆင့်ယှဉ်ပြိုင်ကြတော့ အီတလီအမျိုးသားအသင်း နိုင်ဂျီးရီးယားကို ရေတိမ်နစ်ရှုံးလုဆဲဆဲ ပွဲပြီးခါနီး ၂မိနစ်အလိုမှာ ဂိုးသွင်းယူပြီး အချိန်ပိုကစားဖို့အခွင့်အလမ်းကိုဖန်တီးခဲ့ယုံမကအချိန်ပိုမှာလည်း သူပဲဂိုးထပ်မံသွင်း ယူလိုက်တာကြောင့်အီတလီတို့အောင်ဖျာမလိပ်ဘဲကွာတားဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။

ကွာတားမှာတော့ ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ စပါးနိယာဒ် ဂလက်ဒီယေတာများ ခေါ် ဥရောပက စပိန်လက်ရွေးစင်တွေကို အသည်းခွဲပြီး အနိုင်ဂိုးသွင်းယူလိုက်တာကလည်း ဘက်ဂီယိုပါပဲ။ ဆီမီးဖိုင်နယ်မှာ ဘူ​ဂေးရီးယားဘက် ၂ ဂိုးသွင်းပြီး အဇူရီတွေအောင်ပွဲခံနိုင်ဖို့ ကြိုးပမ်း ပေးခဲ့တာလည်း ဘက်ဂီယိုပါပဲ။ ဘက်ဂီယိုရဲ့ စွဲမက်ဖွယ်ကစားဟန်၊ သန့်ရှင်းသပ်ရပ်တဲ့ ဘောလုံးကို သာအာရုံစိုက်ကစားတဲ့ကစားဟန်၊ ဦးခေါင်းထက်ကမြင်းမြီးပုံဆံကေသာစတာတွေက ကမ္ဘာ့ ပရိသတ် ကိုသာမကမြန်မာပရိသတ်ကိုပါထွက်သက်ဝင်သက်မမှန်လောက်အောင်ဖမ်းစားသွားခဲ့ပါတော့တယ်။

၁၉၉၄ ဖိုင်နယ်မှာ ဘရာဇီးနဲ့ရင်ဆိုင်အတွေ့ အီတလီဂိုးသမား ဂျီယန်လူကာ ပတ်ဂလူကာရဲ့ ဘရာဇီးတို့ကန်သွင်းလိုက်တဲ့ဘောလုံးဂိုးတိုင်ကိုထိပြီး မိမိလက်ထဲရောက်လာလို့ ဂိုးတိုင်ကို ကိုင်တွယ်နမ်းရှုပ်ခဲ့တဲ့ပုံရိပ်တွေနဲ့အတူ အထင်ရှားဆုံးပုံရိပ်ကတော့ -

ဂိုးမရှိသရေရလဒ်ဖြစ်နေလို့ ဘရာဇီးနဲ့အီတလီတို့ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးပယ်နယ်တီအဆုံး အဖြတ်ခံယူပြီး ချန်ပီယံဆုဖလားကြီးပေးအပ်နှင်းဖို့အခြေအနေဆိုက်ရောက်လာပါတယ်။ အီတလီ အသင်းခေါင်းဆောင် ဖရန်ကိုဘာရီဆီနဲ့ ဒယ်နီရယ်မက်ဆာရိုတို့ ပယ်နယ်တီမဝင်တာကြောင့် အီတလီတို့ခမြာ မျက်နှာငယ်နေရပြီး ဘရာဇီးတို့အခွင့်သာနေချိန်၊ အဇူရီအီတလီတို့အတွက် နောက်ဆုံးသော ကောက်ရိုးမျှင်မြော်လင့်ချက်ဖြစ်တဲ့ ဘက်ဂီယိုကတော့ အီတလီနည်းပြကြီးရဲ့ ယုံကြည်မှုအခံရဆုံးကစားသမားဖြစ်တဲ့အပြင် ပယ်နယ်တီကန်သွင်းရာမှာလည်း ဆရာတစ်ဆူဖြစ်တာ ကြောင့် အီတလီတို့ရဲ့နောက်ဆုံးပယ်နယ်တီကို ကန်သွင်းဖို့ ဘရာဇီးဂိုးသမားကြီး တာဖာရယ်ရှေ့ ရောက်ရှိလာခဲ့ပါတယ်။ ဒီပယ်နယ်တီဝင်မှ အီတလီသားတွေမြော်လင့်ချက်ပြန်လည်ရှင်သန် လာမှာပါ။ သို့သော် ပရိသတ်အချစ်တော်ကြီး ဘက်ဂီယိုကတော့ ဘောလုံးကို ကောင်းကင်ထက်ကို တော်တော်မြင့်တဲ့အထိ အားကုန်ကန်ထုတ်လိုက်တော့တာပါပဲ။ ကမ္ဘာ့ဘောလုံးပရိသတ်တွေသာမက ဘက်ဂီယိုကို ချစ်ကြတဲ့မြန်မာပြည်ကပရိသတ်တွေပါ မျက်ရည်စမ်းစမ်းနဲ့ ကြည့်ခဲ့ရတဲ့ ပွဲတစ်ပွဲပါ။


ဘက်ဂီယိုကတော့ အနားယူပြီးနောက်ပိုင်း ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ အထုပတ္တိစာအုပ်ကို "A Goal in the Sky" လို့ သူကိုယ်တိုင်မှည့်ခဲ့ပါတယ်။



၁၉၉၈ ကမ္ဘာ့ဖလား


၁၉၉၈ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်လုဆဲဆဲအီတလီကို ပယ်နယ်တီရအောင်ကူညီပြီး ကိုယ်တိုင် ပယ်နယ်တီသွင်းယူကာ ၂-၂ ရလဒ်ဖန်တီးခဲ့သူကတော့ဘက်ဂီယိုပါပဲ။ အီတလီ ပရိသတ်ကတော့ အဲဒီပင်နယ်တီမကန်မီ ကမ္ဘာ့ရုပ်သံအားလုံးလိုလိုက ထုတ်လွှင့်ပြသခဲ့တဲ့ ၁၉၉၄ ဘရာဇီးဘက်ကို ဘက်ဂီယို၊ ကောင်းကင်ပေါ်ပစ်သွင်းလိုက်အမြောက်ကျည်ဆန်ပမာကန်သွင်းလိုက်တဲ့  ဘောလုံးကို မှတ်မိကြဦးမှာပါ။

ကွာတားဖိုင်နယ်မှာပြင်သစ်ကိုရှုံးပြီးအီတလီတို့အောင်ဖျာလိပ်ခဲ့ပေမယ့်ပြင်သစ်နဲ့ကွာတား ဖိုင်နယ်ပွဲ မှာဘက်ဂီယိုကိုအရန်ကစားသမားအဖြစ်သာသုံးစွဲခဲ့တဲ့နည်းပြကြီးဆီဇာမာလ်ဒီနီကတော့ ဘက်ဂီယို ကိုပွဲအပြီးမှာတောင်းပန်ခဲ့ပါသတဲ့။



၂၀၀၂ ကမ္ဘာ့ဖလား

တောင်ကိုရီးယားတို့ကြောင့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့ အဇူရီမင်းသားများအသင်းမှာ နည်းပြကြီးထရာ ပတ်တိုနီက ဘက်ဂီယိုကိုထည့်သွင်းမရွေးချယ်ခဲ့ပေမယ့် ဘက်ဂီယိုကတော့ ပြိုင်ပွဲမတိုင်မီ နည်းပြ ကြီးထံတရားဝင်တောင်းပန်စာရေးပြီး ပြိုင်ပွဲမှာမိမိကိုယ်ရွေးချယ်ဖို့နဲ့အီတလီအမျိုးသားအသင်း အင်္ကျီကို မိမိဘယ်လောက်ထိမြတ်နိုးတန်ဖိုးထားကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။ ပြိုင်ပွဲကထွက်ခဲ့ ရတဲ့ အဇူရီနည်းပြကြီးကို ဘက်ဂီယိုပရိသတ်ကြီးက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။



ကမ္ဘာ့ငြိမ်းချမ်းရေးဆုနဲ့ ဘက်ဂီယို

ကစားသမားဘ၀မှာသန့်ရှင်းသပ်ရပ်တဲ့ပါရမီရှင်ကစားသမားအဖြစ်ရပ်တည်ခဲ့တဲ့ ဘက်ဂီယိုကတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေကိုယ်တိုင်ချီးမြှင့်တဲ့ ကမ္ဘာ့ငြိမ်းချမ်း ရေးဆုကို ၂၀၁၀ နိုဝင်ဘာမှာ ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၁ မှာတော့ ဘက်ဂီယိုကြီးတစ်ယောက် ယူအီးအက်ဖ်အေရဲ့ လိုင်စင် အေကိုရရှိခဲ့တာကြောင့် ဘောလုံး နည်းပြလောကထဲဘက်ဂီယိုရောက်လာမလာဆိုတာစောင့်ကြည့်ကြရပါတော့မယ်။ ၁၉၉၄ ကမ္ဘာ့ဖလားမှာ အီတလီတို့ ဘက်ဂီယိုရဲ့ပယ်နယ်တီကြောင့် မြော်လင့်ချက်တွေသဲထဲရေသွန်ဖြစ်ခဲ့ ရပေမယ့် မြန်မာနဲ့ ကမ္ဘာ့ပရိသတ်ကြီးထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘက်ဂီယိုကိုမျက် မုန်းကျိုးအပြစ်မဖို့ဘဲ အချစ်မပြယ်ခဲ့ကြတာကြောင့် ဘက်ဂီယိုသာနည်းပြဘ၀နဲ့ ဘောလုံးလောကထဲ ပြန်ရောက်လာခဲ့မယ်ဆိုရင် ...........

No comments:

Post a Comment