Thursday, May 26, 2016

ဘာသာရေးဆိုင်ရာ စော်ကားအသရေဖျက်မှုအတွက် အစ္စလာမ်က ပြဌားန်သည့် အပြစ်ဒဏ်

ဘာသာရေးဆိုင်ရာ စော်ကားအသရေဖျက်မှုအတွက် အစ္စလာမ်က ပြဌားန်သည့် အပြစ်ဒဏ်

ဘာသာရေး ယုံကြည်ကိုးကွယ်ရာကို မထီမဲ့မြင်ပျက်ရယ်ပြုတယ်ဆိုရင်ဒါကို ‘သာသနာညှိုးနွမ်းစေမှု’ ဒါမှမဟုတ်  ‘သာသနာရေးပိုင်းဆိုင်ရာ အကြည်ညို ပျက်စေမှု’ စသဖြင့် သိကြပါတယ်။

သာသနာတစ်ခုက ပြဌာန်းထားတဲ့ ကျမ်းစာ၊ အဲဒီသာသနာဝင်တွေ ဂုဏ်သိက္ခာပေး လေးစားတဲ့ တမန်တော်တွေ၊ သူတော်စင်တွေကို ပျက်ရယ်ပြုမယ်၊ ဆန့်ကျင်ဘက်စကားဆိုမယ်ဆိုရင် ဒီလုပ်ရပ်ကို သာသနာညှိုးနွမ်းအောင်ဖန်တီးတဲ့ အနုတ်သဘောဆောင် လုပ်ရပ်လို့ သတ်မှတ်ရပါမယ်။

သာသနာကို ပျက်ရယ်ပြုတာကြောင့် အဲဒီသာသနာကို ကိုးကွယ်ကြသူတွေ စိတ်နှလုံးထိခိုက်ခံစားကြရမှာ ဖြစ်သလို၊ နာမ်ပိုင်းဆိုင်ရာ ယုံကြည်ချက်ကို စော်ကားခြင်းကြောင့်လည်း လူ့အသိုက်အ၀န်းအတွင်း မတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါတင်မက တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့်လဲ အစ္စလာမ်သာသနာက အခြားသော သာသနာတွေကို မကောင်းပြောအပုပ်ချ ခြင်းကနေ ရှောင်ဖို့သွန်သင်ပြဌာန်းထားခြင်း ဖြစ်ပါတယ်။

“အလ္လာဟ်အားစွန့်ပယ်၍ သူတို့ဟစ်ခေါ်တမ်းတကြ သည့်အရာများကို အသင်သည် ဆဲရေးခြင်းမပြုလင့်။ ထိုသို့ ပြုလျှင် ယင်းသူတို့သည် ရန်လိုလျက် အသိပညာမရှိသဖြင့် အလ္လာဟ်ကို ဆဲရေးခြင်းပြုကြပေလိမ့်မည်။” (ကုရ်အာန်ကျမ်းစာ အခန်းအမှတ် ၆ ၊ မုက္ခပါတ်အမှတ်စဉ် ၁၀၉)

အစ္စလာမ်က အခြား သာသနာများကို တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ သာသနာရေးပိုင်းဆိုင်ရာ အထွတ်အမြတ်ထားသူတွေကို လှောင်ပြောင်ကဲ့ရဲ့တာမျိုး မလုပ်ကြဖို့ သွန်သင်ဆုံးမထားလင့်ကစား၊ အကယ်၍ မွတ်စလင်မ်တစ်ဦး သို့မဟုတ် မွတ်စလင်မ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မွတ်စလင်မ်မဟုတ်သူတစ်ဦးက အဲဒီအမှုကို ကျူးလွန်ခဲ့မယ်ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ချမှတ်ဖို့ သတ်မှတ်ပြဌာန်းထားခြင်း မရှိပါဘူး။

ဒါပေမယ့် ယနေ့ခေတ် အစ္စလာမ်မစ်နိုင်ငံအချို့မှာတော့ blasphemy law လို့ခေါ်တဲ့ သာသနာညှိုးနွမ်းစေမှု သို့မဟုတ် သာသနာအသရေပျက်စေမှု စတဲ့ ပုဒ်မတွေကို ပြဌာန်းထားပါတယ်။ ဒါ့ပြင် အဲဒီနိုင်ငံတွေမှာ မိမိတို့ကိုယ်ပိုင် ကျင့်သုံးလိုက်နာတဲ့ အစ္စလာမ်ဘာသာရေးယုံကြည်ချက်ကို လက်သင့်မခံသူတိုင်းကလည်း နိုင်ငံ့ဥပဒေအရ မွတ်စလင်မ်မဟုတ်သူတွေ အလိုအလျောက်ဖြစ်သွားကြရပါတယ်။ အဲဒီလို နိုင်ငံတော်ရဲ့တရားဝင်ဥပဒေအရ မွတ်စလင်မ်မဟုတ်သူတွေလို့ ပြဌာန်းခံထားရသူတွေ ကျင့်သုံးတဲ့ အစ္စလာမ့်ယုံကြည်ချက် တိုင်းကို ‘သာသနာအကြည်ညှိုပျက်စေမှု’ ပုဒ်မနဲ့ ဖမ်းဆီးအရေးယူကြပါတော့တယ်။

အခုဒီဆောင်းပါးမှာတော့ အစ္စလာမ်မစ်နိုင်ငံများမှာရှိတဲ့ သာသနာညှိုးနွမ်းစေမှု ဥပဒေပုဒ်မများဟာ အစ္စလာမ်သာသနာနဲ့ လားလားမျှ မသက်ဆိုင်တဲ့ အကြောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နှင့် သာသနာရေးဆိုင်ရာ အသရေဖျက်မှု

လူ့အသိုက်အ၀န်းတစ်ခု တိုးတက်ဖို့အတွက် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ပိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် အဲဒါကို အရင်းခံပြီး ဘာသာရေးအသရေဖျက်တာမျိုး၊ စော်ကားပျက်ရယ်ပြုတာမျိုး မလုပ်သင့်ပါ။ ဒါကြောင့် အစ္စလာမ်က လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ကို ပြဌာန်းပေးထားတယ်၊ ဘာသာရေးဆိုင်ရာ အသရေဖျက်မှုမျိုး မလုပ်ဖို့တားမြစ်ထားတယ်၊ သို့သော် တစ်စုံတစ်ယောက်က ဘာသာရေးစော်ကားပြောတာမျိုး လုပ်ခဲ့ရင်လည်း အပြစ်ပေး အရေးယူဖို့ကို ပြဌာန်းထားခြင်း မရှိပါ။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ရဲ့ စတုတ္ထမြောက် ဦးစီးခေါင်းဆောင် ခလီဖာ ဟာဇရသ်မီရ်ဇာ သာဟီရ်အဟ်မဒ်က အောက်ပါအတိုင်း ရေးသားခဲ့ဖူးပါတယ်။

“ဘာသာရေးဆိုင်ရာ အသရေဖျက်စော်ကားမှု - အစ္စလာမ်က လွတ်လပ်စွာ ဖော်ထုတ်တင်ပြပိုင်ခွင့်ကို ခွင့်ပြုပေးထားတဲ့နေရာမှာ အခြားသာသနာတွေထက် ခြေလှမ်းတစ်လှမ်းသာတာကို တွေ့ရပါတယ်။ ဘာသာရေးဆိုင်ရာ အသရေဖျက်မှုကို စိတ်ပိုင်းဆိုင်ရာရှုထောင့်အရလည်းကောင်း၊ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်အရလည်းကောင်း တားမြစ်ထားတယ်၊ သို့သော် ယနေ့ကာလမှာ အဲဒီအတွက်  အစ္စလာမ်သာသနာက ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ် သတ်မှတ်ထားတယ်ဆိုပြီး ယေဘုယျပြောဆိုတင်ပြ နေကြပေမယ့် တကယ်တမ်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်သတ်မှတ်ပြဌာန်းထားခြင်းမရှိဘူး။ ကျွန်တော်ဟာ ကျမ်းမြတ်ကုရ်အာန်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ အထပ်ထပ်အခါခါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ဖူးတယ်။ ဒါပေမယ့် သာသနာရေးဆိုင်ရာ စော်ကားအသရေဖျက်မှုအတွက် လောကီလူသားတွေဘက်ကနေ အပြစ်ပေးအရေးယူနိုင်ဖို့ သတ်မှတ်ထားတဲ့ မုက္ခပါတ်တစ်ခုတစ်လေတောင် မတွေ့ခဲ့ပါ။ မနှစ်မြို့ဖွယ် အမူအကျင့်တွေ၊ မနှစ်မြို့ဖွယ် ပြောစကားတွေနဲ့ အခြားသူများရဲ့ စိတ်နှလုံးကို ထိခိုက်စေမယ့် အရာတွေကို မလုပ်ကြဖို့ ကုရ်အာန်က ပြင်းပြင်းထန်ထန်တိုက်တွန်းထားပေမယ့်၊ ဘာသာရေးဆိုင်ရာ အသေဖျက်စော်ကားမှုအတွက်တော့ အပြစ်ဒဏ်တစ်စုံတစ်ရာပြဌာန်းထားတာမျိုး မရှိသလို၊ ကျူးလွန်သူကို အပြစ်ပေးဖို့ အခွင့်အာဏာလည်း ဘယ်အာဏာပိုင်ကိုမှ အပ်နှင်းထားတာမျိုး မရှိပါဘူး။ ” (Islam’s Response to Contemporary Issues, Pg. 39)

ထာဝရဘုရား၏ တမန်တော်တိုင်း ကျူးလွန်စော်ကားပျက်ရယ်ပြုခံခဲ့ကြရသည်၊ သို့သော် ကျူးလွန်သူတစ်စုံတစ်ယောက်မျှ အရေးယူခြင်း မခံခဲ့ကြရ

တမန်တော်တိုင်းဟာ အသေရဖျက် စော်ကားခံခဲ့ကြရတယ်။ ဒါကို အလ္လာဟ်ဘုရားရှင်က ကုရ်အာန်ကျမ်းစာမှာ အခုလို မှတ်တမ်းတင်ထားတော်မူပါတယ်။ “သတိပေးနှိုးဆော်သူ (တမန်တော်) ကြွရောက်လာခြင်းမရှိသည့် လူမျိုးဟူ၍ မရှိပေ” (ကုရ်အာန် အခန်းအမှတ် ၃၅၊ မုက္ခပါတ်အမှတ်စဉ် ၂၅) ၊ တစ်ဖန် “တမန်တော် တစ်ပါးသော်မျှ ယင်းသူတို့ထံ ကြွရောက်မလာလေနှင့်၊ ကြွရောက်လာသည်နှင့် ယင်းသူတို့က ပျက်ရယ်ပြု လှောင်ပြောင်ခဲ့ကြသည်သာ။” (ကုရ်အာန် အခန်းအမှတ် ၄၃ ၊ မုက္ခပါတ်အမှတ်စဉ် ၈) ဆိုပြီး မှတ်သားကြရပါတယ်။

“ထို့နောက်တစ်ဖန် ငါတို့သည် မိမိ၏တမန်တော်များကို စဉ်ဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါတွင်မဆို အွမ္မတ် အုပ်စုတစ်စုစုထံသို့ သူတို့၏တမန်တော် ရောက်ရှိ လာသော် ထိုသူတို့သည် သူ့အား မဟုတ်မမှန်(လူလိမ်) ဟု စွပ်စွဲကြ၏။” (ကုရ်အာန် အခန်းအမှတ် ၃၃ ၊ မုက္ခပါတ်အမှတ်စဉ် ၄၅)

“အစေတော်လူသားများအတွက် ဝမ်းနည်းဖွယ်ကောင်း လေစွ။ မည်သည့်အခါမဆို ၎င်းတို့ထံ တမန်တော်တစ်ပါးပါး ရောက်ရှိလာလေတိုင်း ၎င်းတို့သည် သူ့အား လှောင်ပြောင် သရော်ခဲ့ကြပေသည်။” (ကုရ်အာန် အခန်းအမှတ် ၃၆ ၊ မုက္ခပါတ်အမှတ်စဉ် ၃၁)

တမန်တော်ယေရှုနဲ့ မိခင်မရ်ယမ်သခင်မတို့ဟာလည်း စော်ကားပျက်ရယ်ပြုတာကို ခံခဲ့ကြရပါတယ်။

“……..ထို့ပြင် သူတို့၏မယုံကြည်ငြင်းပယ်မှုကြောင့်လည်း ကောင်း၊ ထို့ပြင် သူတို့သည် မရ်ယမ်နှင့်ဆန့်ကျင်၍ အလွန် ကြီးကျယ်သည့် မတရားစွပ်စွဲသောစကားကို ပြောဆိုခြင်း ကြောင့်လည်းကောင်း။….” (ကုရ်အန် အခန်းအမှတ် ၄၊ မုက္ခပါတ်အမှတ်စဉ် ၁၅၇)

ဒီမုက္ခပါတ်အားဖြင့် ယေရှုနဲ့ မိခင်ဖြစ်သူတို့ကို ဂျူးတွေက အသရေဖျက်စော်ကားခဲ့ကြတာ သိသာစေပါတယ်။ မရ်ယမ်သခင်မကို ဂျူးတွေက ကိုယ်ကျင့်တရားဖောက်ပြားသူလို့ အသရေဖျက်သလို ယေရှုကိုတော့ အဖမဲ့မွေးဖွားလာသူရယ်လို့ ကင်ပွန်းတပ် လှောင်ပြောင်ခဲ့ကြပါတယ်။

တမန်တော်မုဟမ္မဒ်အား စော်ကားပျက်ရယ်ပြုမှုများကို ကုရ်အာန်ကျမ်းတွင်ဖော်ပြထားသော် လည်း၊ ကျူးလွန်သူများအတွက် အပြစ်ဒဏ်ကိုမူ ဖော်ပြမထား

တမန်တော်မုဟမ္မဒ်ကို မက္ကာသားမယုံကြည်သူတွေနဲ့ အယောင်ဆောင်မွတ်စလင်မ်တွေက စော်ကားပျက်ရယ်ပြုတာတွေ အများအပြားလုပ်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်တွေကို ကုရ်အာန်ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျူးလွန်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ကိုတော့ ဖော်ပြထားခြင်းမရှိပါ။ ဥပမာ - “ဧကန်စင်စစ် အလ္လာဟ်နှင့်ထှိ အရှင်မြတ်၏တမန်တော် ကို ဒုက္ခပေးသူတို့အား အလ္လာဟ်သည် ယင်းတို့အား ဤလော ကီ၌လည်းကောင်း၊ နောင်တမလွန်၌လည်းကောင်း ကရုဏာတော်မှကင်းဝေးစေခြင်း ‘လာ့အ်နတ်’ ပြုတော်မူ၏။ ထို့ပြင် အရှင်မြတ်သည် ထိုသူတို့အတွက် ဂုဏ်သရေယုတ်လျော့စေ သောပြစ်ဒဏ်ကို စီမံထားတော်မူ၏။” (ကုရ်အာန် အခန်းအမှတ် ၃၃၊ မုက္ခပါတ်အမှတ်စဉ် ၅၈) ဒီမုက္ခပါတ်တော်အရ ဘုရားရှင်နဲ့ သူ့ရဲ့တမန်တော်ကို စော်ကားပျက်ရယ်ပြုသူအတွက် အပြစ်ဒဏ်ကို ဘုရားကသာ စီရင်တော်မူပိုင်ခွင့် ရှိပါတယ်။ ဘုရားက ပျက်ရယ်ပြုစော်ကားသူ ကို ဒီလောကီဘ၀မှာ အပြစ်ပေးမှာလား၊ နောင်တမလွန်မှ အပြစ်ပေးမှာလားဆိုတာကလည်း ဘုရားရှင်ရဲ့ ထံတော်ပါးမှာသာ တည်မှီနေပါတယ်။ သာသနာရေးဆိုင်ရာ အသရေဖျက်မှု ကျူးလွန်သူကို စီရင်ဆုံးဖြတ်အပြစ်ပေးပိုင်ခွင့်အာဏာဟာ ဘယ်လူသားတစ်ဦးဆီကိုမှ အပ်နှင်းခံထားရခြင်း မရှိပါ။ တမန်တော်မုဟမ္မဒ်ထံမှာတောင် အဲဒီအာဏာမရှိဘဲ အလ္လာဟ်ဘုရားရှင်ထံတော်ပါးမှာသာ ရှိပါတယ်။

ကုရ်အာန် အခန်းအမှတ်၂၁၊ မုက္ခပါတ်အမှတ်စဉ် ၃၇ မှာလည်း တမန်တော်မုဟမ္မဒ်ကို၊ မယုံကြည်သူတွေက ပျက်လုံးထုတ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ ၁၅း၇ မှာတော့ တမန်တော်မုဟမ္မဒ်ကို မယုံကြည်သူတွေက ‘စိတ်မနှံ့သူ ၊ အရူး’ ဆိုပြီး ခေါ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၃း၇၁ တမန်တော်မုဟမ္မဒ်ကို သူရူးအဖြစ်စွပ်စွဲခဲ့ကြတဲ့အကြောင်း တွေ့ရပြန်ပါတယ်။ ၁၇း၄၈ မှာတော့ တမန်တော်မုဟမ္မဒ်ကို ပြုစားခြင်းခံထားရသူဆိုပြီး မယုံကြည်သူတွေက ကဲ့ရဲ့ပြစ်တင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၃၅း၂၆ မှာတော့ လူလိမ်ဆိုပြီး ခေါ်ခဲ့ကြကြောင်း တွေ့ရပါတယ်။ ၁၆း၂၅ မှာတော့ မယုံကြည်သူတွေက ကုရ်အာန်ကျမ်းစာကို အတိတ်ဟောင်းက ပုံပြင်တွေ စုစည်းထားတဲ့ စာအုပ်ဟောင်းကြီးပါလို့ သမုတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စိတ်ရှုပ်ထွေးဖိစီးမှုတွေကြောင့် မက်တဲ့အိပ်မက်တွေကို ဖော်ပြထားတဲ့ကျမ်း၊ မုဟမ္မဒ်က သာမာန်ရိုးကျ လင်္ကာစပ်သူတစ်ဦးဖြစ်တယ်လို့ မယုံကြည်သူများက စွပ်စွဲခဲ့ပါတယ် (၂၁း၆) ၊ မုဟမ္မဒ်ကို လီဆယ်ဖန်တီးသူလို့ ခေါ်ခဲ့ကြပါတယ် (၁၆း၁၀၂) ၊ မယုံကြည်သူတွေက ကုရ်အာန်ဖတ်တဲ့အခါ နားထောင်တာမျိုး မလုပ်ဖို့ ၊ အသံဆူဆူညံညံလုပ်ပြီး ပျက်ရယ်ပြုဖို့ လှုံဆော်ခဲ့ကြပါတယ် (၄၁း၂၇) ၊ မယုံကြည်သူတွေက ကုရ်အာန်ကျမ်းစာကို အပိုင်းပိုင်းဖြစ်အောင် ဆွဲစုတ်ပစ်ခဲ့ကြဖူးပါတယ် (၁၅း၉၂)။

တမန်တော်မုဟမ္မဒ်ကို ပျက်ရယ်ပြု စော်ကားခဲ့ကြတဲ့ အချက်တွေဟာ မရေမတွက်နိုင်အောင်များပြားပါတယ်။ သို့သော် အလ္လာဟ်အရှင်က လှောင်ပြောင်စော်ကား ပျက်ရယ်ပြုသူတွေကို အပြစ်ပေးဖို့ မဆိုထားဘဲ အလ္လာဟ်အရှင်ကသာ အဲဒီသူတွေရဲ့ ရန်ကနေ အကာအကွယ်ပေးနိုင်မယ့် အလုံလောက်ဆုံးသော သူဖြစ်တယ်ဆိုပြီး (ကုရ်အာန်ကျမ်းစာ အခန်းအမှတ် ၁၅၊  မုက္ခပါတ်အမှတ်စဉ် ၉၆) သိရှိလေ့လာနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကို လှောင်ပြောင်စော်ကားသူတွေ အတွက် ဘုရားရှင်တစ်ပါးတည်းကသာ စီမံဆောင်ရွက်ဖို့ရာ လုံလောက်တဲ့ စွမ်းပကားဖြစ်ပါတယ်။ လှောင်ပြောင်စော်ကားသူနဲ့ အဆုံးအဖြတ်ပေးမယ့် ဘုရားရှင်တို့အကြား တမန်တော်မုဟမ္မဒ်ပဲဖြစ်ဖြစ်၊ ကုရ်အာန်ကျမ်းစာလာ ဥပဒေအဆုံးအဖြတ် တစ်ခုခုကပဲဖြစ်ဖြစ် ကြားဝင်ဖြေရှင်းပေးဖို့ အခွင့်ပြုထားခြင်း မရှိပါ။

“ (ကာဖဲရ်) မယုံကြည်ငြင်းပယ်သူများနှင့် (မိုနာဖစ်) ယုံကြည်ဟန်ဆောင်သူများကို မနာခံလင့်၊ ထို့ပြင် ယင်းတို့၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပြောစကားများကို မျက်ကွယ်ပြုထားပါလေ။ အလ္လာဟ်အားသာ လျှင် ယုံပုံလွှဲအပ်မှုပြုပါလေ။ စင်စစ် အလ္လာဟ်သည်ပင် အကြောင်းကိစ္စဟူသမျှကို စီမံစောင့်ကြပ်တော်မူသောအရှင် အဖြစ် လုံလောက်တော်မူ၏။” (ကုရ်အာန်ကျမ်းစာ ၊ အခန်း ၃၃ ၊ မုက္ခပါတ်အမှတ်စဉ် ၄၉ )

“၄င်းတို့၏ (ပျက်ရယ်ပြု) ပြောစကားများကို သည်းခံခြင်းတရားဖြင့် ကြံ့ကြံ့ခံရပ်တည်ပါလေ။” (ကုရ်အာန်ကျမ်းစာ ၊ အခန်း ၂၀ ၊ မုက္ခပါတ်အမှတ်စဉ် ၁၃၁)

ပျက်ရယ်ပြုလှောင်ပြောင်နေသူတွေကို ပြန်လည်လက်တုန့်ပြန်ဖို့ ခွင့်ပြုထားခြင်း မရှိပါ။ အဲဒီလို လှောင်ပြောင်နေသူတွေက သူတို့ရဲ့ လုပ်ရပ်ကို ရပ်တန့်သွားတဲ့အထိ သူတို့နဲ့ အပေါင်းအဖော်မလုပ်ဖို့ကိုသာ ညွှန်ကြားထားပါတယ်။

“ပြောင်လှောင်ပြက်ရယ်မှု ပြုနေ ကြသည်ကိုလည်းကောင်း ကြားကြရလျှင်၊ ထိုသူတို့သည် ယင်းမှလွဲ၍ အခြားသောစကားကို မနစ်မွန်းလေသမျှကာလ ပတ်လုံး ထိုသူတို့ထံတွင် မထိုင်ကြလင့်။”  (ကုရ်အာန်ကျမ်းစာ၊ အခန်း ၄ ၊ မုက္ခပါတ်အမှတ်စဉ် ၁၄၁)

အစ္စလာမ်မတိုင်မီ ပေါ်ထွန်းခဲ့သော သာသနာများတွင် ဘာသာရေးစော်ကားပျက်ရယ်ပြုမှုများအား မည်သို့ ရှုမြင်ထားပါသနည်း

ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ အစ္စလာမ်သာသနာမှာ သာသနာရေးဆိုင်ရာ စော်ကားပျက်ရယ်ပြုမှုတွေအတွက် အပြစ်ဒဏ်ပြဌာန်းသတ်မှတ်ထားခြင်း မရှိပါ။ သာသနာရေးဆိုင်ရာ ပျက်ရယ်ပြုစော်ကားမှုတွေကို အပြစ်ပေးရမယ်ဆိုတဲ့အယူအဆကတော့ အစ္စလာမ်သာသနာမပေါ်ထွန်းမီ အလယ်ခေတ်ကာလမှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဥပမာအချို့ကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

ယဟူဒီဘာသာ - ထာဝရဘုရား၏နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည်၊ ထိုသူကို အမှန်ကျောက်ခဲနှင့်ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။ (၀တ်ပြုရာကျမ်း ၊ အခန်းကြီး ၂၄ ၊အခန်းငယ် ၁၆)

သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ (ထွက်မြောက်ရာကျမ်း၊ အခန်းကြီး ၂၀ ၊အခန်းငယ် ၇)

ယဟူဒီဘာသာဝင်တွေဟာ ခရစ်ယာန်တွေကို နှစ်ပေါင်း ၃၀၀ ခန့်တိုင်၊ အယူမှားသူတွေ ၊ သာသနာကို စော်ကားပျက်ရယ်ပြုသူတွေလို့သတ်မှတ်ပြီး ညှဉ်းပမ်းနှိပ်စက်ခဲ့ကြပါတယ်။

ခရစ်ယာန်သာသနာ - ဓမ္မသစ်ကျမ်းမှာတော့ အခုလို တွေ့ရပါတယ်။

ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့်လွတ် စေခြင်း အခွင့်ကို လူတို့သည်ရနိုင်ကြ၏။ ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။
လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏ အပြစ်ကိုလည်းလွှတ်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မှား သောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌မလွှတ်နိုင်။ (ရှင်မဿဲ ခရစ်ဝင် ၊ အခန်းကြီး ၁၂ ၊ အခန်းငယ် ၃၁ မှ ၃၂ ထိ)

ခရစ်ယာန်သာသနာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပျက်ရယ်ပြုမှသာ အပြစ်ပေးအရေးယူဖို့ ဖော်ပြထားပြီး ဘုရား (God) နဲ့ သားတော် (Son of God) တို့ကို ပျက်ရယ်ပြုစော်ကားရင်တော့ အပြစ်ပေးဖို့ရာ ဖော်ပြထားတာ မတွေ့ရပါ။

ကက်သလစ်ခရစ်ယာန်များဟာ ပရိုတက်စတင့်ခရစ်ယာန်ထောင်ပေါင်းများစွာကို သာသနာရေးဆိုင်ရာ စော်ကားပျက်ရယ်ပြုမှုဆိုတဲ့ ပုဒ်မနဲ့ သတ်ဖြတ်ပြစ်ခဲ့ကြဖူးပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး သီးသန့်စီဖြစ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေ၊ မတူညီတဲ့လူတွေ အတူယှဉ်တွဲနေထိုင်နိုင်ရေးစတဲ့သဘောတရားတွေ ထွန်းကားလာတော့မှပဲ အဲဒီလို လူသတ်မှုတွေ ပပျောက်ခဲ့ပါတယ်။

ဟိန္ဒူ - အကယ်၍ သုဒြာဆိုတဲ့ ဇတ်နိမ့် တစ်ယောက်ဟာ ဝေဒကျမ်းစာကို ဖတ်ခဲ့ရင် ဒါဟာ ကြီးမားတဲ့ ဘာသာရေးဆိုင်ရာ စော်ကားမှုလို့ သတ်မှတ်ပါတယ်။ အဲဒီအမှု ကျူးလွန်သူကို ပြင်းပြင်းထန်ထန်အရေးယူပါတယ်။ ဟိန္ဒူဘာသာရေး အကြီးအကဲ ဂေါ်တမဟာရိရှီက “အကယ်၍ သုဒြာဇတ်နိမ့်က ဝေဒကျမ်းစာ ဖတ်တာကို ကြားခဲ့ရရင် သူ့နားထဲကို သံနဲ့ ဖယောင်းရေပူကို လောင်းထည့်အပြစ်ပေးရမယ်၊ အပြစ်ပေးတဲ့တာဝန်ကို ဘုရင်က ယူရမယ်။ အကယ်၍ သုဒြဇတ်နိမ့်က ဝေဒကျမ်းကို ဖတ်ဖို့ ပြင်ဆင်ခဲ့ရင် ဘုရင်က သူ့လျှာကို ဖြတ်ပြစ်ရမယ်၊ သူ့ခန္ဓာကိုယ်ကိုလည်း ဖြတ်ပြစ်ရမယ်။” ဆိုပြီး ရေးသားခဲ့ပါတယ်။ (ဂေါ်တမ သမာတိ ၊ ၁၂ ။ )

အကယ်၍ သုဒြဇတ်နိမ့်က ပန်ဒစ်တစ်ယောက်ကို စော်ကားခဲ့ရင် ဘုရင်က သူ့ကို သေဒဏ်ပေးတာမျိုးမလုပ်ဘဲ ၊ ခန္ဓာကိုယ်ကို ပြင်းပျစွာနာကျင်စေမယ့် အပြစ်ဒဏ်မျိုးကို ပေးရမယ်။ (မာန သမာတိ ၉း၂၄၈)

အစွန်းရောက်သူများက အစ္စလာမ်ကို  ဤသို့ဖွင့်ဆိုသည်

ပါကစ္စတန်နိုင်ငံကို ဥပမာကြည့်ကြရအောင်။ ဘာသာရေးဆိုင်ရာစော်ကားမှုကို ပုဒ်မ ၂၉၅ (ဂ) အရ အမှုဖွင့်ပြီး သေဒဏ်ချမှတ်နိုင်ပါတယ်။

တမန်တော်မုဟမ္မဒ်ကို စော်ကားပျက်ရယ်ပြုပြောဆိုမယ်၊ စော်ကားရှုံ့ချ ရေးသားတာမျိုးလုပ်မယ်ဆိုရင် သေဒဏ်ဒါမှမဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ်တွေချမှတ်ဖို့ကို ပုဒ်မ ၂၉၅ (ဂ) က ပြဌာန်းပေးပါတယ်။

၁၉၈၇ မှာ   နိုင်ငံတော် ရှရီယာတရားရုံးက ဘာသာရေးဆိုင်ရာစော်ကားပျက်ရယ်ပြုမှုအတွက် သေဒဏ်ကလွဲပြီး တခြားအပြစ်ဒဏ်ချမှတ်လို့မရဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ အစားထိုးအပြစ်ဒဏ်တွေဖြစ်တဲ့ တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ်တွေကို ပယ်ဖျက်ပြီး ဘာသာရေးစော်ကားမှုအတွက် သေဒဏ်တစ်ခုတည်းကိုသာ သတ်မှတ်ခဲ့ပါတယ်။

ပုဒ်မ ၁၉၅ (ဂ) မှာ အပြစ်ဒဏ်က ဘယ်ပုံဘယ်နည်းဖြစ်ရမယ်ဆိုပြီး အသေအချာပြဌာန်းထားတာမျိုး မဟုတ်ပါ။ ဒါကြောင့် တစ်စုံတစ်ယောက်ဟာ သူကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့တယ်၊  မကျူးလွန်ခဲ့ဘူးဆိုတာသိရဖို့ ရှရီယာတရားသူကြီးရဲ့ နုတ်ထွက်စကားကိုသာ ငံ့လင့်ရပါတော့တယ်။

တမန်တော်မုဟမ္မဒ်ကို စော်ကားပျက်ရယ်ပြုသူဟာ ပါကစ္စတန်ရှရီယာဥပဒေအရ အလိုအလျောက် ဘာသာပျက်သွားသူအဖြစ် စာရင်းသွင်းခံရပါတယ်။ ဘာသာပျက်သွားသူအတွက် ပါကစ္စတန်ရှရီယာဥပဒေက သေဒဏ်ကို ပြဌာန်းထားပါတယ်။

သို့သော် ကုရ်အာန်အရ ဘာသာရေးစော်ကားပြောလိုက်တာနဲ့ပဲ ဘာသာပျက် (မုရ်တားဒ်) ဖြစ်သွားတယ်လို့ မသတ်မှတ်နိုင်ပါ။ မဒီနာမြို့မှာ မုနာဖိက် (မွတ်စလင်မ်အဖြစ် အယောင်ဆောင်နေကြသူများ) တွေက တမန်တော် မုဟမ္မဒ်ကို မလေးမစားလုပ်တာတွေ၊ စော်ကားပျက်ရယ်ပြုတာတွေကို အများအပြားပြုလုပ်ခဲ့ကြပေမယ့်၊ သူတို့ကို အစ္စလာမ်သာသနာရဲ့အပြင်ဘက်က လူတွေလို့ သတ်မှတ်ပြီး အုပ်စုခွဲထုတ်ပစ်ခဲ့တာမျိုး မရှိခဲ့သလို၊ ဘာသာပျက်သွားပြီဆိုပြီး သတ်ဖြတ်ခဲ့ခြင်းလည်း မရှိခဲ့ပါ။ (ကုရ်အာန် ၉း၆၄ ၊ ၃း၁၅၅ ၊ ၃း၁၆၈ ၊ ၄း၆၂ မှ ၆၄ ၊ ၆၃း၉  ၊ ၄း၁၄၃ မှ ၁၄၇ ၊ ၄၇း၁၇ ရှု )

ဒါ့အပြင် ဘာသာပျက်သွားသူကို သေဒဏ်ပေးရမယ်လို့လည်း ကုရ်အာန်က သတ်မှတ်ပြဌာန်းထားတာမျိုး မရှိပါ။ အသေးစိတ်ကို မိုးမခ အွန်လိုင်းမီဒီယာမှာ နိုဝင်ဘာ ၂၈ ၊ ၂၀၁၅ နေ့စွဲနဲ့ ဖော်ပြခဲ့တဲ့ '' ဘာသာပြောင်းသူတွေကို သေဒဏ်ပေးဖို့ အစ္စလာမ်က သတ်မှတ်ပြဌာန်းထားပါသလား'' ခေါင်းစဉ်ပါ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

 

ဘာသာရေးဆိုင်ရာစော်ကားပျက်ရယ်ပြုခြင်းအတွက် ဥပဒေပြဌာန်းအပြစ်ပေးခြင်းသည် တမန်တော် မုဟမ္မဒ်၏ ကျင့်ထုံးအစဉ်အလာမဟုတ်ပေ

 

တမန်တော်မုဟမ္မဒ်ဟာ သူ့ရဲ့ အဆိုးရွားဆုံးရန်သူတွေကိုတောင် ခွင့်လွှတ်ခဲ့ပါတယ်။ ဥပမာတွေကို ကြည့်ကြပါမယ်။

 

(၁) မဒီနာမြို့က မွတ်စလင်မ်အယောင်ဆောင် မုနာဖိက်ခေါင်းဆောင် အဗ္ဗဒွလ္လာဘင် အိုဘိုင်းဟာ သူ့ကိုယ်သူ ဘုန်းတန်ခိုးအာနုဘော်အကြီးဆုံးလို့ ခေါ်ဝေါ်ခဲ့ပြီး တမန်တော်မုဟမ္မဒ်ကိုတော့ အစဉ်းလဲဆုံးသော လူသားဆိုပြီး သမုတ်ခဲ့ပါတယ်။ (ကုရ်အာန် ၆၃း၉  ရှု) အဗ္ဗဒွလ္လာဘင် အိုဘိုင်းကို ဘယ်သူကမှ အပြစ်ပေးအရေးယူခဲ့တာမျိုး မလုပ်ခဲ့ပါတယ်။ မဒီနာမှာပဲ သေဆုံးတဲ့အထိ ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရခဲ့ပါတယ်။ တမန်တော်မုဟမ္မဒ်က သူ့ကို ဘာသာပျက်သွားသူလို့ မကြေညာခဲ့တဲ့အပြင် သူ့အတွက် ဈာပန၀တ်ပြုဆုတောင်းမှုကိုတောင် ဦးဆောင်ဝတ်ပြုပေးခဲ့ပါတယ်။

 

(၂) မက္ကာကို ပြန်လည်အောင်နိုင်ခဲ့အပြီး တမန်တော်မုဟမ္မဒ်ဟာ သူ့ကို ‘ဆာဟီးရ် (အောက်လမ်းဆရာ)’ ၊ ‘မက်ဂ်ျနူးန် (သူရူး)’ ၊ ‘မုဖ်တားရ် (အယောင်ဆောင် လူလိမ်)’ ၊ ‘မက်ဆ်ဟူးရ် (ပြုစားခံထားရသူ)’၊ ကုရ်အာန်ကျမ်းသည် ‘အဆားတီရုလ် အောင်ဝါလီးန် (သူအိုကြီးတစ်ယောက်၏ ပုံပြင်များ)’ (ကုရ်အာန်ကျမ်း ၅၁း၅၂ ၊၁၅း၆ ၊ ၁၆း၁၀၁ ၊ ၁၇း၄၇ စသည်တွင်ရှု) စသဖြင့် ခေါ်ဝေါ်သမုတ်ခဲ့သူတွေကို ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

 

(၃) မက္ကာခေါင်းဆောင်နဲ့ တမန်တော်မုဟမ္မဒ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲပေါင်းများစွာမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ အဘူစွဖ်ယားန်ဆိုသူကို ချွင်းချက်မရှိ ခွင့်လွှတ်ခဲ့တယ်။ တမန်တော်မုဟမ္မဒ်ရဲ့ ဦးရီးတော် ဟမ်ဇသခင်ကို သတ်ခဲ့သူ ၀ါရှီဆိုသူကိုလည်း ချွင်းချက်မရှိ ခွင့်လွှတ်ခဲ့ပါတယ်။

 

(၄) ဟမ်ဇသခင်ရဲ့ အသည်းကို ထုတ်ပြီး အစိမ်းလိုက်ဝါးပြခဲ့သူ အဘူစွဖ်ယာန်းရဲ့ဇနီး ဟင်းဒါကိုလည်း ချွင်းချက်မရှိ အခွင့်လွှတ်ခဲ့ပါတယ်။

 

(၅) တမန်တော်မုဟမ္မဒ်ဟာ မိမိသမီးတော် ကိုယ်ဝန်ဆောင် ဇိုင်နက်ဘ်သခင်မကို သတ်ပြစ်ခဲ့တဲ့ ဟဘ်ဘားရ်ဆိုသူကိုလည်း ချွင်းချက်မရှိ အခွင့်လွှတ်ခဲ့ပါတယ်။

 

တမန်တော်မုဟမ္မဒ်ရဲ့ ဘ၀မှတော့ သူ့ရဲ့ အဆိုးဆုံးရန်သူတွေကို အခွင့်လွှတ်ဥပက္ခာပြုတဲ့ စံနမူနာတွေနဲ့ ပြည့်လျက်ရှိပါတယ်။ လူသားအားလုံးအထဲမှာ မေတ္တာဂရုဏာရှိဆုံးလူသားဟာဆိုရင် တမန်တော်မုဟမ္မဒ်သာ ဖြစ်ပါတယ်။ “သို့ဖြစ်ရာ အလ္လာဟ်၏အထူးကရုဏာတော်ကြောင့် သာ အသင်သည် သူတို့အတွက် နူးညံ့သွားခဲ့ပေသည်။” (ကုရ်အာန်ကျမ်းစာ အခန်း ၃ ၊ မုက္ခပါတ်အမှတ်စဉ် ၁၆၀) အရ တမန်တော်မုဟမ္မဒ်ဟာ အခြားသူတွေအတွက် နူးညံ့ပျော့ပြောင်းသူလို့ သိရပါတယ်။ တကယ်လက်တွေ့အရလည်း နူးညံ့ပျော့ပြောင်းသူ ဖြစ်ပါတယ်။ ဒီလိုစံနမူနာပေါင်း မြောက်မြားစွာရှိနေသည့်တိုင် တမန်တော်မုဟမ္မဒ်ရဲ့ ကျင့်ထုံးတွေကို မျက်ကွယ်ပြုပြီး လူတွေအပေါ် ကန့်သတ်ချုပ်ခြယ် အပြစ်ဒဏ်ပေးတာဟာ မကောင်းမှု ဒုစရိုက်တမျိုးသာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

 

မှတ်ချက် ။ ။ မွတ်စလင်မ်များသည် တမန်တော်မုဟမ္မဒ်၏ အမည်နာမဖော်ပြပါရှိတိုင်း ‘ဆွလ္လာလ်လားဟို့ အလိုင်းဟေ့ဝဆလာမ်’ ဆိုပြီး မေတ္တာပို့ဆုတောင်းကြပါသည်။ အခြားတမန်တော်များ၏ အမည်နာမဖော်ပြပါရှိတိုင်း ‘အလိုင်စလာမ်’ ဟု မေတ္တာပို့ဆုတောင်းကြပါသည်။  


No comments:

Post a Comment