Monday, November 6, 2017

အမေ့ခံ တတိယလူ

တော်မီစမစ် ဂျွန်ကားလို့စ်တို့နှင့်အတူ လူတန်းစားခွဲခြားမှုတိုက်ဖျက်ရေးအတွက် အသံတိတ်ဆန္ဒဖော်ထုတ်နေသည့် ပီတာနော်မန်။ ၁၉ ၆၈ မက္ကဆီကို အိုလံပစ်၊ မီတာ ၂၀၀ ဆုပေးပွဲ။ 
Photo is the courtesy of griotmag.com/en/white-man-in-that-photo/

ဒီဓါတ်ပုံကို Black Power Salute လို့ သိကြပါတယ်။ ကမ္ဘာကျော်ဓါတ်ပုံပါ။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အိုလံပစ်ချံပီယံနှစ်ဦးဖြစ်တဲ့ တော်မီစမစ်နဲ့ ဂျွန်ကားလို့စ်တို့က အိုလံပစ်ဆုပေးပွဲမှာ ဖြူမည်းလူတန်းစားခွဲခြားမှုတိုက်ဖျက်ရေးအတွက် ဆန္ဒဖော်ထုတ်နေကြတဲ့ပုံဖြစ်ပါတယ်။ 

အမေရိကန်ပြည်တွင်း လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ပြသခဲ့တဲ့ အမူအရာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့ ၂ ဦးရဲ့ အပြုအမူကို Silent Gesture နဲ့ Salute ဆိုပြီး ရုပ်ရှင်ပြန်ရိုက်ထားတာလည်း ရှိပါတယ်။ 

ဓါတ်ပုံတွေ တခါတလေ လူ့အမြင်ကို လှည့်ဖျားတတ်တယ်။ ဥပမာဒီတစ်ပုံကိုကြည့်ပါ။

၁၉ ၆၈ မက္ကဆီကို အိုလံပစ်။ မီတာ ၂၀၀ အပြေးချံပီယံ လူမည်းအမျိုးသားနှစ်ဦး။ တယောက်က ရွှေတံဆိပ် ဆုရှင် တော်မီစမစ်၊ နောက်တယောက်က ကြေးတံဆိပ်ဆုရှင် ဂျွန်ကားလို့စ်။ 

ဒါပေမယ့် ဒီဓါတ်ပုံမှာ လူမည်းနှစ်ဦးအပြင် ငွေတံဆိပ်ဆုရ လူဖြူတစ်ဦးလည်း ပါနေသေးတယ်။ လက်မမြှောက်ဘဲ ဒီအတိုင်းကြီးရပ်နေတဲ့ လူဖြူဘယ်သူလည်း။ 


ဓါတ်ပုံကို သေချာကြည့်ပါ။ ဖိနပ်မပါ ခြေဗလာ၊ ခြေအိတ်မဲတွေဝတ်ထားတဲ့ လူမည်းနှစ်ဦး။ ခေါင်းတွေငိုက်စိုက်ချထားတယ်။ အမေရိကန်နိုင်ငံတော်သီချင်း ဖြစ်တဲ့ “The Star-Spangled Banner” တီးမှုတ်တဲ့အချိန်မှာ သူတို့ရဲ့ လက်အိတ်မဲမဲတွေကို လေထဲမှာ မြှောက်ပြထားတယ်။ မာတင်လူသားကင်းနဲ့ ဘောဘီကနေဒီတို့လို လူမည်းအရေးလှုပ်ရှားတဲ့ အထင်ကရခေါင်းဆောင်နှစ်ဦး အသက်စတေးခဲ့ရတဲ့အထိ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှု အရှိန်အဟုန်မြင့်နေတယ်။ ဒီခြေဗလာ လူမည်းအားကစားသမားနှစ်ယောက်ရဲ့ ဆုယူအပြီး အခုလိုပုံစံ ဆန္ဒဖော်ထုတ်တာဟာ တကယ့်ကို အရဲတင်းလွန်းတယ်လို့အားလုံးက ယူဆခဲ့ကြတယ်။

ဆန်ဟိုဆေးတက္ကသိုလ်ရှေ့ မြင်တွေ့ရသည့် တော်မီစမစ်နှင့် ဂျွန်ကားလို့စ်တို့၏ ရုပ်တု
Photo is the courtesy of http://griotmag.com/en/white-man-in-that-photo/
၂၀၀၅ ခုနှစ်ကျတော့ ဒီလူမည်းအားကစားသမားနှစ်ယောက် တက်ခဲ့ဖူးတဲ့ ဆန်ဟိုဆေးစတိတ်တက္ကသိုလ်က သူတို့နှစ်ဦးကို ဂုဏ်ပြုပြီး ကျောင်းရှေ့မှာ ရုပ်ထုကြီးစိုက်ထူခဲ့တယ်။ သူတို့နှစ်ဦးရဲ့ အသွင်အပြင်ကို ဓါတ်ပုံထဲကအတိုင်း ပုံစံတူ ထုလုပ်ထားတယ်။ အမြင့်အားဖြင့် ၂၂ ပေ အရှည်ရှိပါတယ်။ လူအခွင့်အရေးနဲ့ သာတူညီမျှဖြစ်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ တိုက်ပွဲဝင်ခဲ့ကြတဲ့ အိုလံပစ်ပြန်အားကစားသမားနှစ်ဦးကို အခုလို ဂုဏ်ပြုခဲ့ရတဲ့အထိ သူတို့နှစ်ဦးရဲ့ ဓါတ်ပုံထဲက အမူအရာက တာသွားခဲ့ပါတယ်။

ဒါကြောင့် ဒီဓါတ်ပုံဟာ တကယ့်ကို သမိုင်းဝင်လှတဲ့ ဓါတ်ပုံဆိုလည်းမမှားပါဘူး။ ဒီပုံထဲက လူမည်းနှစ်ဦးထက်ပိုပြီး ဘယ်သူကများ ငွေတံဆိပ်ဆုရ လူဖြူကို စိတ်ဝင်တစား မေးမြန်းစိစစ်ပါတော့မလဲ။ ကားလို့စ်နဲ့ စမစ်တို့နှစ်ဦးရဲ့ အသံတိတ်ဆန္ဒပြမှုအလယ်မှာ ဒီတယောက်က ရေခဲတုံးကြီးလို ဘာအသွင်အပြင်အမူအရာမှ မပြဘဲ ရပ်နေတယ်။ သူက ဘာလဲ။ ဘယ်သူလဲ။  

၁၉ ၆၈ မက္ကဆီကို အိုလံပစ်ညခြမ်းမှာ လူမည်းအားကစားသမားနှစ်ဦးနဲ့အတူ  သူရဲကောင်းဖြစ်ခဲ့တဲ့သူဘယ်သူရှိဦးမလဲ။ ဒီမေးခွန်းရဲ့ အဖြေက လူတိုင်းကို အံ့အားသင့်သွားစေလိမ့်မယ်။ ဓါတ်ပုံထဲက လူဖြူဟာ အိုလံပစ်ညခြမ်းမှာ လူမည်းအားကစားသမားတွေနည်းတူ ရဲဝံ့စွာနဲ့ မိမိယုံကြည်ရာကို ဖော်ထုတ်ပြသခဲ့သူဖြစ်ပါတယ်။ သူ့နာမည်က ပီတာနော်မန်ပါ။ သြဇီအားကစားသမားပါ။ မီတာ ၂၀၀ နောက်ဆုံးဖိုင်နယ်ပြေးပွဲကို ဆီမီးစံချိန် ၂၀.၂၂ စက္ကန့် နဲ့ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ထက်ပိုပြီး ဆီမီးမှာ စွမ်းဆောင်နိုင်သူ နှစ်ဦးကတော့ တော်မီစမစ်နဲ့ ဂျွန်ကားလို့စ်တို့ဖြစ်ပါတယ်။ တော်မီက ၂၀.၁၄ နဲ့ ကားလို့စ်က ၂၀.၁၂ ပါ။ 

ဆီမီးရလဒ်တွေကိုကြည့်ရင် ဖိုင်နယ်ကတော့ လူမည်းနှစ်ဦးရဲ့ ပွဲလို့ အားလုံးက ထင်ကြေးပေးမှာပဲ။ နော်မန်ဆိုတဲ့  သြဇီလူဖြူကို ဘယ်သူမှလည်း သိတာမဟုတ်ဘူး။ ဆီမီးမှာ တပွဲတိုးကောင်းခဲ့လို့ ဖိုင်နယ်ရောက်လာတဲ့သူပဲလို့ အားလုံးသတ်မှတ်ကြမှာပဲ။  

ဂျွန်ကားလို့စ်ကို ကျော်ဖြတ်ပြီး ငွေတံဆိပ်ယူခဲ့တဲ့ သြဇီအားကစားသမား နော်မန်ဟာ အရပ် ၅ ပေ ၆ လက်မသာရှိတဲ့ လူပုကလေးဖြစ်ပါတယ်။ စမစ်ရော ကားလို့စ်ပါ အရပ် ၆ ပေ ၂ လက်မအထက်ရှိကြပါတယ်။ 

ဖိုင်နယ်ရောက်တော့ ပီတာနော်မန်ဆိုတဲ့ သွယ်လျတဲ့ကိုယ်ခန္ဓာပိုင်ရှင် အားကစားသမားက သူ့ဘ၀တစ်သက်စာ အမှတ်ရနေစေရမယ့် စံချိန်ကို စိုက်ထူပြခဲ့ပါတယ်။ မီတာ ၂၀၀ ကို ၂၀.၀၆ နဲ့ ပန်းဝင်ခဲ့တယ်။ သူ့ဘ၀တလျောက်လုံးအတွက် အကောင်းဆုံးစံချိန်လည်းဖြစ်ခဲ့တယ်။ သြဇီတစ်ယောက် တင်ထားတဲ့ စံချိန်။ ၄၇ နှစ်ကြာပြီးတဲ့ အချိန်အထိဘယ်သူမှ ချိုးဖျက်နိုင်ခြင်းလည်း မရှိသေးပါဘူး။ ဓနသဟာယအားကစားပြိုင်ပွဲများရဲ့  အကောင်းဆုံးစံချိန်လည်းဖြစ်ပါတယ်။


ဒါပေမယ့် နော်မန်ကံမကောင်းခဲ့ပါ။ ဂျက်လေယာဉ်လို့ အမည်ပြောင်ရထားတဲ့ တော်မီစမစ်က နော်မန်ရဲ့ စံချိန်ကိုချိုးပြီး ကမ္ဘာ့စံချိန်တင်ပြနိုင်ခဲ့တယ်။ အိုလံပစ်ညခြမ်းရဲ့ မီတာ ၂၀၀ ပြေးပွဲဟာ ရင်သပ်ရှုမောစရာကောင်းလွန်းခဲ့တာ အမှန်ပါ။ 



ပြိုင်ပွဲပြီးတော့ ဆုပေးပွဲနောက်ကလိုက်တာ ထုံးစံပဲ။ အိုလံပစ်သမိုင်းမှာ စမစ်၊ ကားလို့စ်နဲ့ နော်မန်တို့ သုံးယောက် တက်ယူခဲ့တဲ့ ဒီဆုပေးပွဲလောက် ဘယ်ဆုပေးပွဲအခမ်းအနားက ကျွန်တော်တို့ကို အမှတ်ရစေမှာတုန်း။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှတဲ့ ဆုပေးပွဲအခမ်းအနားပါပဲ။ 

မိမိတို့ကို ခွဲခြားဆက်ဆံနေတဲ့ လူတွေရှိနေရာ အမိနိုင်ငံတော်ကို ကိုယ်စားပြုပြီး ဂုဏ်ထူးဆောင်ပေးခဲ့ကြတဲ့ လူမည်းနှစ်ဦး။ မိမိထက် အရပ်အမောင်းအားဖြင့် များစွာမြင့်မားပြီး ကမ္ဘာကျော်နေပြီဖြစ်တဲ့ လူထွားကြီးနှစ်ဦးကို ရင်ပေါင်တန်းအံတုပြခဲ့တဲ့ လူပိန်လူဖြူ ဂျပုကလေး။ 

အဲဒါတွေထက်ပိုပြီး အမှတ်ရနေစေရမယ့် အခိုက်အတန့်ကာလ။ ကြိုတင်စီမံထားတာမျိုးလည်းမဟုတ်၊ တကယ့်ကို ကြီးကျယ်တဲ့ ဖြစ်ရပ်ကြီးတစ်ခု အိုလံပစ်ဆုပေးပွဲစင်မြင့်ထက်မှာ ဖြစ်ပျက်ခဲ့တယ်။ စမစ်နဲ့ ကားလို့စ်တို့က လူ့အခွင့်အရေးအတွက် သူတို့ဘယ်လို တိုက်ပွဲဝင်သလဲဆိုတာကို ပရိသတ်ထံ ပြသဖို့ ဆုံးဖြတ်ခဲ့ကြပြီးဖြစ်တယ်။ သူတို့ဒီလို လုပ်မယ်ဆိုတဲ့ သတင်းကိုလည်း အပြေးအားကစားသမားတွေအားလုံး သိပြီးနေပြီ။ 

နော်မန်ဆိုတာ လူဖြူ သြဇီအမျိုးသား။ သြစတေးလျမှာလည်း အဲဒီတုန်းက တကယ့်ကို တင်းကျပ်တဲ့ လူမျိုးရေးခွဲခြားမှု ဥပဒေကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဘယ်လောက်ထိ တင်းကျပ်သလဲဆိုရင် နယ်လ်ဆင်မင်ဒဲလားတို့မြေ တောင်အာဖရိကရဲ့ ဥပဒေအလား တင်းကျပ်ပါတယ်။ လူဖြူမဟုတ်သူတွေကို ပြည်ဝင်ခွင့်မပေးဖို့၊ သြဇီဒေသခံ အဘော်ရီဂျင်းလူမည်းတွေကို ခွဲခြားဖိနှိပ်ဖို့ ၊ ဘယ်လောက်ထိအောင်လဲဆိုရင် အဘော်ရီဂျင်း ကလေးငယ်လေးတွေကို သြဇီလူဖြူတွေက အဓမ္မမွေးစားပိုင်ခွင့်ဥပဒေတွေ အထိ သတ်မှတ်ပြဌာန်းထားပါတယ်။ ဒါတွေကြောင့် နိုင်ငံတွင်းမှာ တင်းမာမှု မြင့်လာပြီး ဆန္ဒပြမှုတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ 

အိုလံပစ်ဆုပေးပွဲ။ လူမည်းအမေရိကန်နှစ်ဦးက လူဖြူပိန်သေးကို မေးပါတယ်။ 

လူမည်းနှစ်ဦး - မင်းလူ့အခွင့်အရေးဆိုတာကို ယုံလား။ 
လူဖြူပိန်သေး -  ယုံတယ်၊ လက်ခံတယ်။ 
လူမည်းနှစ်ဦး - မင်းဘုရားရှင် (God) ကို ယုံလား။
လူဖြူပိန်သေး - ငါ ကယ်တင်ချင်းတပ် (Salvation Army) ကို ရောက်ဖူးတယ်။ ငါ ဘုရားရှင် (God) ကို နှစ်နှစ်ကာကာ ယုံကြည်လက်ခံတယ်။ 

ဂျွန်ကားလို့စ် - ကျွန်တော်တို့ သုံးဦးပေါင်းပြီး လုပ်ပြကြမယ့်အချင်းအရာက တခြားအားကစားသမားတွေမှာရှိတဲ့ ခွန်အားသတ္တိတွေထက် အဆပေါင်းများစွာပိုတယ်။ လူဖြူပိန်သေးက ကျွန်တော်တို့နှစ်ဦးကို ဖြေခဲ့တယ်။ 

“ငါလည်း မင်းတို့နဲ့ အတူ ပါမယ်။”

ဂျွန်ကားလို့စ် - သူ့မျက်နှာမှာ ကြောက်ရွံ့မှုအနည်းငယ်ရှိနေတာ ထင်ရှားနေတယ်။ ဒါပေမယ့်အဆုံးမှာတော့ ကျွန်တော်တို့ မေတ္တာတရားဆိုတာကို သူ့ထံကနေ မြင်တွေ့ခဲ့ရတယ်လေ။ 

လူသားတိုင်း ခွင့်တူညီမျှ ရရှိဖို့ လှုပ်ရှားမှုမှာ အားကစားသမားတွေအနေနဲ့ ထောက်ခံတယ်ဆိုရင် တပ်ဆင်ဖို့ တံဆိပ်ကို အိုလံပစ်လူ့အခွင့်အရေး ပရောဂျက်ကနေ ထုတ်ပေးထားတယ်။ စမစ်နဲ့ ကားလို့စ်က အဲဒီ တံဆိပ်ကို ရင်ဘတ်မှာ တပ်ပြီး အားကစားကွင်းထဲမှာ မတ်တပ်ရပ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်က လူမည်းတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခကို ကိုယ်စားပြုဖို့အတွက်ကတော့ ဖိနပ်မပါ ခြေစွပ်အမဲနဲ့ ဆုတက်ယူမယ်။ အမေရိကန်ပြည်တွင်းမှာ ထင်ရှားတဲ့ လူမည်းတော်လှန်ပြောင်းလဲရေးသမားတွေရဲ့ပါတီ Black Pahters ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အမဲရောင် လက်အိတ်တွေကို ၀တ်ဆင်မယ်။ ဒါပေမယ့် ဆုပေးမယ့်စင်ကို သွားခါနီးကြည့်လိုက်တော့ လက်အိတ်က တစ်စုံတည်းရှိတာ သိလိုက်ရတယ်။ လူဖြူပိန်သေးက မင်းတို့ နှစ်ယောက် တယောက် တဖက်စီဝတ်ကြပေါ့လို့ ခပ်တိုးတိုးအကြံပေးသွားလေရဲ့။ 

လူဖြူပိန်သေး - မင်းတို့ယုံကြည်တာကို ငါလည်းယုံကြည်တယ်။ ဒါပေမယ့် ငါကတော့ မင်းတို့နဲ့ မတူတာကို လုပ်ပြမယ်။ မင်းတို့ဆီမှာ ဒါမျိုး တံဆိပ် အပိုရှိလား။ (အိုလံပစ်ပရောဂျက်မှ ထုတ်ပေးထားသည့် လူသားအားလုံးသာတူညီမျှ ဖြစ်ရေး ရင်ဘတ်တံဆိပ်ကို လက်ညှိုးညွှန်လျက်) အဲဒီနည်းနဲ့ မင်းတို့အတူ တသားတည်းရှိကြောင်း ငါဖော်ပြမယ်။ 

စမစ် - ဒီလို ပြောတော့ ကျွန်တော် တုန်လှုပ်သွားတယ်ဗျာ။ ဒီလူဖြူသြဇီက ဘာလဲ။ သူ့ဟာသူ ငွေတံဆိပ်ကို အေးအေးယူပြီး ထွက်သွားရင် ပြီးသွားမှာပဲလေ။ “ဒီမယ် ငါမှာတော့ ဒါပဲ ရှိတယ်။ ငါ့မှာ ရှိတာတော့ မင်းကို မပေးနိုင်ဘူး။ အေး၊ ဒါပေမယ့် ဟိုးက လူ့အခွင့်အရေးလှုပ်ရှားသူ ပေါလ်ဟောဖ်မန်းဆိုတဲ့လူဆီမှာ တစ်ခုရှိတယ်၊ မင်းတောင်းယူပေတော့။”


ပေါလ်ဟော့ဖ်မန်း - လူဖြူတစ်ယောက်သာ ငါ့ဆီက ဒီတံဆိပ်တောင်းရင် ဘုရားရှင်ကို သက်သေတည်ပါတယ်၊ ငါသေချာပေါက်ပေးမှာပဲ။ “ကျုပ်မှာရှိတဲ့ တစ်ခုတည်းသော တံဆိပ်ကို နော်မန်ဆီ ပေးပစ်လိုက်တယ်လေ”။

ပီတာနော်မန်ရင်ဘတ်တွင် ချိတ်ဆွဲခဲ့သည့် လူ့အခွင့်အရေး အိုလံပစ်ပရောဂျက်တံဆိပ်ပုံ
Photo is the courtesy of http://griotmag.com/en/white-man-in-that-photo/

အိုလံပစ်ချန်ပီယံသုံးဦး ဆုချီးမြှင့်မယ့် စင်ဆီလှမ်းသွားကြလေပြီ။ နောက်ပိုင်း ဖြစ်ပျက်လာမယ့် အကြောင်းအရာတွေက သမိုင်းစာမျက်နှာထက် ကဗ္ဗည်းရေးထိုးမှတ်တမ်းဝင်ခဲ့ပါသည်။

လူဖြူနော်မန် - ဘာတွေဖြစ်နေခဲ့လဲဆိုတာ ကျွန်တော်ဝေေ၀၀ါးဝါးပဲ။ ဒါပေမယ့် ဒီအားကစားသမားနှစ်ယောက်က အမေရိကန်နိုင်ငံတော် သီချင်းဆိုတဲ့အခါ သူတို့အကြံအတိုင်း အကောင်အထည်ဖော်တယ်ဆိုတာ ကျွန်တော်မှတ်မိနေတယ်။ နိုင်ငံတော်သီချင်းဆုံးသွားတဲ့အထိ အဲဒီလက်အိပ်မည်းကြီးတွေကို လေထဲမှာ မြှောက်ထားခဲ့ကြတယ်။ အဲဒီနောက် အားကစားကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့တာပဲ။

အမေရိကန် အိုလံပစ်အဖွဲ့ ခေါင်းဆောင်ကတော့ ဒီလူမည်းနှစ်ဦးကတော့ သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ထိုက်သင့်တာကို ပြန်ပေးရမယ်ဆိုပြီး ကျိန်းဝါးခဲ့ပါသတဲ့။ ဒီလိုအပြုအမူက အားကစားနဲ့ လားလားမျှ မပတ်သတ်ဘူးလို့လည်း သူက ထင်မြင်ခဲ့ပါတယ်။ စမစ်နဲ့ ကားလို့စ်ကို အမေရိကန် အိုလံပစ်အဖွဲ့ကနေ ချက်ချင်းထုတ်ပြစ်ခဲ့ပါတယ်။ တည်းခိုရာ အိုလံပစ်ရွာကနေလည်း မောင်းထုတ်ခဲ့ပါတယ်။ ပီတာဟော်ဖ်မန်းကိုလည်း စည်းကမ်းချိုးဖောက်မှုနဲ့ စွဲချက်တင်ခဲ့ကြပါတယ်။

အမေရိကန်ပြန်ရောက်တော့ အကျိုးဆက်အနေနဲ့ ကမ္ဘာ့အမြန်ဆုံးလူမည်းအားကစားသမားနှစ်ယောက်က အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒါပေမယ့် သူတို့နှစ်ဦးဟာ လူ့အခွင့်အရေးတိုက်ပွဲမှာ ချန်ပီယံတွေဖြစ်ခဲ့ကြတယ်ဆိုတာကို အချိန်က သက်သေထူသွားခဲ့ပါပြီ။ သူတို့နှစ်ဦးက ၁၉ ၆၈ အမေရိကန်အိုလံပစ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ အားကစားသမားနှစ်ဦးအဖြစ် ပြန်လည်အသိအမှတ်ပြုခံခဲ့ရသလို၊ သူတို့ရဲ့ ဆုယူစဉ်အပြုအမူကို ဆန်ဟိုဆေးတက္ကသိုလ်ဥပစာမှာ ရုပ်ထုကြီးထုပြီး ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီရုပ်ထုကြီးမှာ ပီတာနော်မန်တော့ မပါပါဘူး။ ဒါကြောင့်လည်း ၁၉ ၆၈ အိုလံပစ်ရဲ့ သူရဲကောင်းကြီးကို ဘယ်သူကမှ အထူးတလည် သိကျွမ်းတာမျိုး မရှိခဲ့ဘူးလေ။ 

ကိုယ့်ဟာကို ဖာသိဖာသာနဲ့နေပြီး ငွေတံဆိပ်ယူပြီး သူရဲကောင်းပမာ အိမ်ပြန်နိုင်တဲ့အခွင့်အရေးကို လျစ်လျူပြုခဲ့သူ နော်မန်။ သူ့လုပ်ရပ်ကြောင့် မက္ကဆီကို အိုလံပစ်နောက်ပိုင်း ဘယ်အိုလံပစ်ပြိုင်ပွဲကိုမှ ခြေချခွင့်မရတော့ပြီ။ မြူးနစ်အိုလံပစ် ခြေစစ်ပွဲ မီတာ ၂၀၀ ကို အကြိမ်ပေါင်း ၁၃ ကြိမ်၊ မီတာ ၁၀၀ ကို အကြိမ်ပေါင်း ၅ ကြိမ်တိတိ အောင်မြင်ခဲ့ပေမယ့် သြစတေးလျအိုလံပစ်ကော်မတီက နော်မန်ကို မရွေးတော့ပါ။ 

မြူးနစ်မှာ ပါခွင့်မရတော့တာ သိလျှင် သိချင်း နော်မန်တစ်ယောက် အားကစားသမားဘ၀ကနေ အနားယူသွားခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် ဆစ်ဒနီအိုလံပစ် မှာလည်း နိုင်ငံဂုဏ်ဆောင်ပေးခဲ့တဲ့ နော်မန်ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြု မခံခဲ့ရပါ။ ပီတာနော်မန်ကို ဆစ်ဒနီအိုလံပစ်ပွဲတက်ရောက်ဖို့ ဘယ်သူမှ ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့ပါ။ 

ဒါကို အမေရိကန်အိုလံပစ်ကော်မတီက သိရှိသွားတဲ့အတွက် အမေရိကန်အိုလံပစ်ကစားသမားတွေနဲ့အတူ ဆစ်ဒနီကို လေယာဉ်ပျံတစ်စီးထဲစီးပြီး ပြန်သန်းပေးဖို့နဲ့ အမေရိကန်အိုလံပစ်ကော်မတီရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အမေရိကန်အပြေးချံပီယံ မိုက်ကယ်ဂျွန်ဆင်ကလည်း နော်မန်ကို တလေးတစား ဂုဏ်ပြုခဲ့ပါတယ်။ 


ပီတာနော်မန်တစ်ယောက် ၂၀၀၆ ခုနှစ် အောက်တိုဘာ ၉ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ နော်မန်ရဲ့ ဈာပနကို ရင်ပေါင်တန်းရပ်ပြီး လူတန်းစားခွဲခြားမှုကို ဆန့်ကျင်ပြခဲ့တဲ့ လူမည်းကြီးနှစ်ယောက်တက်ရောက်ခဲ့ပါတယ်။ ရုပ်ကလပ်ထည့်သွင်းထားရာ အခေါင်းကို လူမည်းကြီးနှစ်ဦးက ဂုဏ်ယူဝမ်းနည်းစွာ ပခုံးထက်ထမ်းခဲ့ကြပါတယ်။ 

ပီတာနော်မန်၏ဈာပနတွင် ရုပ်ကလပ်ကို ထမ်းပိုးပြီး ဂုဏ်ပြုပေးခဲ့ကြသည့် ပီတာ၏သူငယ်ချင်းနှစ်ဦး၊ တော်မီစမစ်နှင့် ဂျွန်ကားလို့စ်
Photo is the courtesy of http://griotmag.com/en/white-man-in-that-photo/


“ဤသည်ကား ပီတာနော်မန်တစ်ယောက် တော်မီစမစ် နဲ့ ဂျွန်ကားလို့စ်တို့ကို လူတန်းစားခွဲခြားရေးတိုက်ပွဲမှာ ကူညီပေးခဲ့တာမဟုတ်ပါ။ ဤသည်ကား ပီတာနော်မန်တစ်ယောက် မိမိ၏ ယုံကြည်ရာကိုသာ ဖော်ထုတ်ပြသခဲ့ခြင်းပါပေ။” (ဂျွန်ကားလို့စ်) 


http://edition.cnn.com/2012/04/24/sport/olympics-norman-black-power/index.html ကိုမှီငြမ်းပါသည်။

No comments:

Post a Comment