Sunday, December 30, 2018

2019 အတွက် new year resolution

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အောင်မြင်ရေးသော့ချက်တစ်ခုဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့လူကိုရော၊ ယုံကြည်မှု နည်းပါးနေတဲ့လူကိုပါ လုပ်ဖော်ကိုင်ဖက်အသိုင်းအ၀န်းက သတိထားမိတတ်ကြတယ်။ ယုံကြည်မှုမြင့်မားတဲ့လူကို ပေါင်းသင်းဆက်ဆံလိုကြပြီး ယုံကြည်မှုနည်းတဲ့လူကိုတော့ ဝေဖန်စောကြောတတ်ကြပါတယ်။

ဒီတော့ မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားချစ်ခင်မှုရအောင် ဘယ်လို လုပ်မလဲ။ လူတိုင်းကိုယ်စီဟာ မိမိကြီးပြင်းလာတဲ့ ပတ်ဝန်ျးကျင်အလျောက် မိမိကိုယ်ကို ယုံကြည်မှုကွဲပြားတတ်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားခြင်းဟာ မွေးရာပါဗီဇမဟုတ်ပါ။ လေ့ကျင့်ယူလို့ရပါတယ်။ 

အတွေ့အကြုံရင့်ကျက်ပြီးသား လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ယုံကြည်ချက်မြင့်မြင့်မားမားနဲ့ ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ၂၀၁၉  အတွက် ကျွန်တော့်ရဲ့ အကြီးမားဆုံး ရင်ဆိုင်ဖြေရှင်းရမယ့် ကိစ္စကတော့ မိမိကိုယ်ကို ယုံကြည်ခြင်းမြင့်မားလာဖို့နဲ့ အနုတ်သဘောဆောင် အတွေးအခေါ်တွေအားလုံးကနေ ကျော်လွှားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

ကျနော်ရဲ့ ပင်ကိုယ်အားနည်းချက်က သူတစ်ပါးကို စက္ကန့်ပိုင်းအတွင်း အတ္တနောမတိပေတံနဲ့ အကဲဖြတ်ပြီး နိမ့်ကျစွာ ရှုမြင်တတ်တာပဲဆိုတာကို ရှက်ရှက်နဲ့ ၀န်ခံရမှာပါ။ ဒါကြောင့် ကျနော့်မှာ ရင်းနှီးခင်မင်လွန်းတဲ့ သူငယ်ချင်းအပေါင်းအဖော် နည်းပါးပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အဖြစ်အပျက်ကို သတိတရမိပါတယ်။ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပထမဆုံးနေ့ ကျောင်းသားအဖြစ် မိတ်ဆက်ကြိုဆိုပွဲအခမ်းအနားတက်ဖြစ်ပါတယ်။ အစီအစဉ်ကြေညာသူက ဘာကို ပြောနေလဲဆိုတာ သေသေချာချာမကွဲမပြားဖြစ်နေတဲ့အချိန်၊ အိန္ဒိယလူမျိုး နုတ်ခမ်းမွှေးရှည်ရှည်နဲ့ အသက် ၄၀ ကျော် ၅၀ ခန့်ရှိမယ့် လူတစ်ဦးက ကျောင်းသားတွေထိုင်နေတဲ့ သီရေတာခုံတန်းကနေ၊ လှေကားတစ်ထစ်ချင်းဆင်းလာပြီး ပရိသတ်ရှေ့ကို စကားအနည်းငယ် ပြောဖို့ ရောက်လာပါတယ်။ ကျနော်က ထုံးစံအတိုင်း အော်. ဒါကတော့ ကျောင်းသားတွေထဲက ဗော်လန်တီယာတစ်ယောက် ရှေ့ထွက်ပြီး မိတ်ဆက်တာပဲလေ၊ သူကိုလည်းကြည့်ပါဦး၊ သာမာန်အပရိက ၀တ်စားဆင်ယင်ပုံ၊ ဟန်ပန်မပါတဲ့ လမ်းလျှောက်ပုံနဲ့ အခု ဘာတွေ ပြောဦးမှာပါလိမ့်နော်လို့ ချက်ချင်းတွေးမိလိုက်ပါတယ်။ အိန္ဒိယအမျိုးသားကြီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး ပရိသတ်အရှေ့မှာပဲ မတ်တပ်ရပ်နေပါတယ်။ သူက ကျနော်တို့ကို ဘာသာရပ်တစ်ခု သင်ပြပေးမယ့် ဆရာဆိုတာ ကျနော်သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း အခုနက အတွေးကို အလွန်သိမ်ဖျင်းပြီး၊ ရှက်စရာကောင်းတဲ့အတွေးတစ်ခုရယ်လို့တော့ မခံစားမိခဲ့ပါ။ 

သူ့နာမည်က ဒေါက်တာ ဗန်ကတ် ရာမာနသန်ဖြစ်ပါတယ်။ သူ့ရဲ့ သင်ပြမှုနဲ့ ကျနော်ဟာ လွန်ခဲ့တဲ့ ၈ နှစ်တာကာလအတွင်း ကွန်ပျူတာဆော့ဖ်ဝဲ ပရော်ဖက်ရှင်နယ်အဖြစ် နိုင်ငံရပ်ခြားမှာ အခြေချနိုင်ခဲ့ပါပြီ။ အလွန်အင်မတန်မှ သိမ်ဖျင်းပြီး အောက်တန်းကျလှတဲ့ သူတစ်ပါးအပေါ် အပေါ်ယံကြည့်ပြီး အကဲဖြတ်တတ်တဲ့ အကျင့်ဆိုးကြောင့် ကျနော်ဟာ မျက်ရည်တွေစီးကျပြီး၊ စိတ်ထဲကနေ ဆရာ့ကို ကြိတ်ပြီး တောင်းပန်မိခဲ့ပါတယ်။ ဆရာဟာ အလွန်အင်မတန် နှိမ်ချတတ်တဲ့ အကျင့်စရိုက်ရှိသူတစ်ဦးဖြစ်သလို ၊ မိမိရဲ့ တပြည့်များအပေါ်မှာလည်း စာနာနားလည် သဘောထားကြီးသူတစ်ဦးဆိုတာကို ကျနော်သိခဲ့ရပါတယ်။ ကျောင်းပြီးခါနီး နောက်ဆုံးနေ့တွေထဲက တစ်နေ့မှာ ကျနော်ဆရာ့ဆီသွားပြီး ဓါတ်ပုံတစ်ပုံလောက် တွဲရိုက်ပေးဖို့ မေတ္တာရပ်ခံတဲ့အခါ၊ ဆရာက ငါနဲ့ ဘာကြောင့်တွဲရိုက်ချင်တာတုန်းလို့ မေးတဲ့အခါ၊ ကျနော်ပြန်မဖြေနိုင်ခဲ့ပါ။ 

If you judge people, you have no time to love them. (Mother Teresa)

အနုတ်သဘောအတွေးအခေါ်များပြားခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးတာကြောင့်ဖြစ်ပါတယ်။ ဒီထဲမှာ တစ်ပါးသူကို အနုတ်သဘောဘက်ကနေ စတင်ရှုမြင်တတ်ခြင်းလည်း ပါဝင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလာစေဖို့အတွက် ၂၀၁၉ မှာ အောက်ပါနည်းလမ်းလေးတွေအတွက် ပြုမူကျင့်ကြံဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါတွေကတော့ ဒေါက်တာ Todd Dewatt ရဲ့ သင်္ခန်းစာတွေက ကောက်နုတ်ချက်လေးတွေပါ။ 

၁) မိမိရဲ့ လက်ရှိအခြေအနေကို ကျေနပ်လက်ခံတတ်ပါစေ။ နောင် ၅ နှစ်အတွင်း မိမိဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ချရေးပါ။ အနုတ်သဘောဆောင်အတွေးများမှာ လွတ်ကင်းအောင် နေပါ။ အနုတ်သဘောဆောင် အတွေးများရှိနေပါက ချရေးပြီး ပုံဖော်ဖတ်ကြည့်ပါ။ 
၂) အတိတ်က အရိပ်ဟောင်းများကို ကျော်လွှားဖြတ်သန်းပါ။ လူတစ်ယောက်နဲ့ဖြစ်စေ၊ သို့မဟုတ် အမှုအခင်းတစ်ခုခုမှာဖြစ်စေ အနုတ်သဘောဆောင်တဲ့ အဖြစ်အပျက် အရိပ်မည်းကြီး ရှိနေတယ်ဆိုရင် အဲဒီအကြောင်းကို ချရေးပါ။ မိမိယုံကြည်ရသူကို ပြောပြပါ။ နေရာ လူပုဂ္ဂိုလ် အဖြစ်အပျက် အားလုံးပါဝင်ပါစေ။ အဲဒီကိစ္စဘယ်လိုစဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပါဝင်ပါစေ။ ပြီးရင်တော့ အဲဒါမျိုး ကိစ္စမဖြစ်အောင် ရှောင်ကျဉ်နိုင်သလားဆိုတာကို ဆင်ခြင်သုံးသပ်ပါ။ အဲဒီ အတိတ်က အရိပ်ဆိုးကြီးကနေ ဘာတွေ သင်္ခန်းစာယူနိုင်သလဲဆိုတာ ရေးသားမှတ်တမ်းတင်ပါ။ ပြီးရင်တော့ ဒီမေးခွန်းကို မိမိကိုယ်ကို မေးမြန်းပါ၊ အဲဒီကိစ္စက ဦးနှောက်ထဲမှာ စွဲထင်နေအောင်ထိ မိမိဘ၀အတွက် အရေးပါ အရာရောက်ပါသလား။ 
၃) သူတစ်ပါးကို ကူညီပါ။ အကူအညီလိုအပ်သူများကို ဗော်လန်တီယာတစ်ယောက်အနေဖြင့် အကူအညီပေးပါ။ သို့အားဖြင့် သူတို့က မိမိရဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းတွေကို သတိထားမိလာပါလိမ့်မယ်။ သို့သော် အနှောင်အဖွဲ့ကင်း ပြီး သဘောထားဖြောင့်တဲ့ ဗော်လန်တီယာတစ်ယောက်သာ ဖြစ်ပါစေ။ 
၎) ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် ရေတိုရည်ရွယ်ချက်ကလေးများ ချမှတ်ပါ။ တစ်ရက်စာ ရည်ရွယ်ချက်ဖြစ်လျှင်လည်း ရပါတယ်။ ထိုရည်ရွယ်ချက် ပေါက်မြောက်ခဲ့လျှင် မိမိကိုယ်ကို ဆုပေးပါ။ ထိုသို့သော အပြူအမူကို လပေါင်းများစွာ ပြုလုပ်ပါ။ 
၅) အနုတ်သဘောဆောင် အတွေးအခေါ်များကို လုံးဝ ဖယ်ထုတ်ပစ်ပါ။ ဥပမာ ပြီးခဲ့တဲ့ နှစ်အတွင်း မိမိကိုယ်တိုင် အဆိုးဆုံးခံစားခဲ့ရတဲ့ အဖြစ်အပျက်ကို ချရေးပါ။ အသေးစိတ်ချရေးပါ။ ပါဝင်ခဲ့တဲ့ လူတိုင်း ကို မှတ်မိအောင် ပုံဖော်ပါ။ သို့အားဖြင့် အဲဒီလူတွေနဲ့ နောက်နောင် ဆက်ဆံရမယ့် အချိန်မှာ ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ ဆက်ဆံရမယ့် အကြိမ်အရည်အတွက် ပမာဏကိုလည်း လျော့သထက်လျော့အောင် ပြုလုပ်ပါ။ အဲဒီလိုပါပဲ။ ပြီးခဲ့တဲ့ နှစ်အတွင်း မိမိကိုယ်တိုင် ပျော်ရွှင်ခဲ့တဲ့အဖြစ်အပျက်ကို ရေးမှတ်ပြီး အဲဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ လူတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ပါ။ ပိုမို လက်ပွန်းတတီးရှိပါစေ။
၆) မိမိချမှတ်ထားတဲ့ ရည်ရွယ်ချက် မအောင်မြင်ခင်၊ အောင်မြင်မှုကို ကြိုတင်မြင်ပြီး ပိတ်ကားထက်မှာ ကြည့်နေရတဲ့ ရုပ်ရှင်အလား ပုံဖော် စိတ်ကူးယဉ်ပါ။ ထိုရုပ်ရှင်ကို ချစ်ခင်စုံမက်ပါစေ။ ထိုအပြုအမူကို နေ့စဉ် ငါးမိနစ်ခန့် ဆောင်ရွက်ပါ။ 
၇) ကျရှုံးမှုများအတွက် ပြင်ဆင်ထားပါ။ ကျရှုံးမှုများကို အခြားသူများနှင့် အမြင်ဖလှယ်ပါ။ ကျရှုံးမှုများမှ လေ့လာသင်ယူပါ။ ချရေးပါ။ ယုံကြည်ရသူကို ပြောပြပါ။ သောမတ်စ်အက်ဒီဆင်၏ ပြောစကားကို နားထဲပဲ့တင်ထပ်နေပါစေ။ "I have not failed. I have just found out 10,000 ways that wont' work".
၈) မိမိ၏ တိုးတက်မှုဖြစ်စဉ်ကို တိုင်းတာပါ။ လပေါင်းများစွာ ပြုမူဆောင်ရွက်ခဲ့တာတွေကို ပြန်လည် တွေးတောပါ။ စဉ်းစားပါ။ အနုတ်သဘောအချက်အလက်များကို ဖယ်ထုတ်ပစ်ပါ။ အမှတ်စဉ် ၁ ကနေ ၇ အထိ ဆောင်ရွက်ခဲ့သည့်တိုင် အလုပ်မဖြစ်ပါမူ ၊ ၁ ကနေ ၇ ထိ နောက်ထပ်လပေါင်းများစွာ ထပ်မံဆောင်ရွက်ပါ။ 
၉) ၁ ကနေ ၈ အထိ အချိန်ကာလတစ်ခုအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါမူ ၅ နှစ်တာ ရည်ရွယ်ချက်ကြီးကို သတိရပါ။ အကောင်အထည်ဖော်ပါ။ 
၁၀) အောင်မြင်မှုတိုင်းအတွက် အောင်ပွဲခံပါ။ 

No comments:

Post a Comment